ငါ့အတ္တနဲ့ ငါ ... လဲမကျခင်
တစ်ယောက်ယောက်ကို ထူသွားချင်တယ်။
ဒွတ္တဘောင်မင်းနဲ့ ကနောင်မင်းသားကိုလဲ
အကြံဥာဏ်တွေ ပေးချင်သေးတယ်။
ရေခဲမုန့် မစားဖူးလိုက်တဲ့
မင်းတုန်းမင်းကြီးကိုလဲ သနားတယ်။
ဒီလိုပါပဲ
ဓူဝံကြယ်ပေါ်က စကားလုံးတွေကို
ထမ်းပြီး လျှောက်သွားတတ်တာ
ငါ့ရဲ့အကျင့် မဟုတ်လား။
အမှန်တော့လဲ
မြေကြီးက ရွှေသီးတယ် ... ဆိုတာကို
သေပြီးမှ သိမဲ့သူ တစ်ယောက်ပါ။
ဒါပေမဲ့ ကိုယ့်လူ
ပျားတစ်ကောင်ရဲ့ရစ်ဝဲမှုမှာ
ဆန္ဒတခုပဲ ပါတယ်လို့
မင်းပြောရဲလား။
ပန်းသီးတလုံးဟာ
ဒဏ်ခတ်ဖို့ သက်သက်
ဖြစ်လာခဲ့တာ မဟုတ်ပါဘူး။
အိုင်တီရဲ့ ရှေ့ပြေး
နိယာမကိုလည်း
မွေးထုတ် ခဲ့ပါသေးတယ်။
အဲ့ဒီနေ့ကပေါ့ ... ...
ငါနဲ့အတူ ငါ့နှလုံးသားကို
မွေးဖွားခဲ့တယ်။
မသိခြင်းနဲ့ ဆင်းရဲခြင်းက
ငါ့ရဲ့ဖွားဘက်တော်လေ။
အမှတ်မဲ့စွာနဲ့ပဲ
မှတ်မှတ်ရရ ဖြစ်ခဲ့တာပါ…
ငါစပြီး ငိုခဲ့တဲ့ နေ့ကပေါ့
ငါ့နဲ့မသိခြင်း ဆင်းရဲခြင်း
သုံးယောက်ကိုပေါင်းပြီး
ဖိနပ်စိမ်းကြီးတွေနဲ့ ဝိုင်းကန်ကြတယ်။
ငါဘယ်သူ့ကို
ဘယ်လိုထူမလဲ ... ...?။
အနိုင်လိုသူနဲ့
ချိုင်လိုသူတို့ ကြား
မဆိုင်သလိုနေပြီး
ဒိုင်ရှိုလေးနဲ့ 
ထိုင်ငိုရတဲ့ရက်တွေ
မြန်မြန်သာ ပျက်ကြွေပါစေတော့...လို့ ။ ။၀၂-၀၁-၂၀၁၃
နန်းရှင် 21/10/10
No comments:
Post a Comment