Friday, December 26, 2014

ခင်သာဇာတိ မောင်သာဂိ(၁၅)


အခန်း(၁၅)
စာသင်သား ကိုရင်သာဂိ
ကိုရင်သာဂိသည် အသက်အားဖြင့် ဆယ်ခြောက်နှစ် ပြည့်ခဲ့ပြီးဖြစ်၍ ပျိုမြစ်နုနယ် သွေးကြွလွယ်ပြီး
ဘယ်အရာကိုမျှမမှု ပြုသင့်သည်မှန်လျှင် ရဲရဲပြု၍ အမှားအမှန်ခွဲခြမ်းဝေဖန်မှု ပြုတတ်
စအရွယ် ဟုပင် ခေါ်ရပေမည်ဖြစ်သည်။ကိုရင်သာဂိကို လူတယောက်အနေဖြင့်ကြည့်လျှင် လူပျိုပေါက်
အရွယ် ဟုသော်လည်းကောင်း၊တက်သစ်စ လူငယ်အရွယ်ဟုသော်လည်းကောင်း၊သူ၏မိ
ဘများသည် ရှင်ဘုရင်များ မိဖုရားများဖြစ်ခဲ့ပါလျှင် ကိုရင်သာဂိသည်လည်း မင်းပျိုမင်းလွင် တပါးသော်လည်းကောင်းဖြစ်နေပေပြီ။လူငယ်သဘာဝလူငယ်အရွယ်တွင်ဖြစ်တတ်သောအမှန်တရား
ကိုချစ်မြတ်နိုးခြင်း၊ အမှန်တရားကိုဖုံးကွယ်သူများအား ရွံမုန်းခြင်းနှင့်အမှန်မကြိုက်အမှားလိုက်၍အမိုက်
ထွဋ်ခေါင် လူ့ခေါင်းဆောင်ဆိုသူများကိုလည်း ပညာပြချင် ဆုံးမချင်သည့် အရွယ်လည်းဖြစ်သည်။ကိုရင်
သာဂိသာ လေးတန်း၌ ကျောင်းမထွက်ခဲ့ဘဲ ဆက်တက်ခဲ့မည်ဆိုပါက ဆယ်တန်းကျောင်းသား ကြီးဖြစ်
နေပေပြီ။

သို့သော် ကိုရင်သာဂိသည် မင်းပျိုမင်းလွင်တပါးလည်းမဟုတ်၊လူငယ်တယောက်လည်းမဟုတ်၊
ဆယ်တန်းကျောင်းသားတယောက်လည်းမဟုတ်ခဲ့ပေ။၎င်းတို့ထက် အကျင့်သိက္ခာအရသော်လည်း
ကောင်း၊အသိဥာဏ်ပညာအားဖြင့်သော်လည်းကောင်း သာလွန်မြင့်မြတ်သော ဘုရားသားတော်ရှင်
သာမဏေတပါး ဖြစ်သည်။
ရှင်ဘုရင်သည် ရှင်ဘုရင်အလုပ်ကိုလုပ်ရမည်။ကျောင်းသားသည် ကျောင်းသားအလုပ်ကိုလုပ်ရမည်။
ထို့အတူ သာသနာ့ဘောင်တွင် ခိုဝင်ခဲ့သော မိမိသည်လည်း သာသနာတော်ကိုထိမ်းသိမ်းခြင်းစောင့်
လျှောက်ခြင်းအလုပ်ကို လုပ်ရမည် ဟု နားလည်ထားသည်။လူသားအားလုံးသည် မိမိကျရောက်ရာ အရပ်ဒေသ၊ရာထူး၊ထမ်းဆောင်ရာတာဝန်ကို ပီပီပြင်ပြင် ကျေပွန်အောင်ထမ်းဆောင်နိုင်ခဲ့ပါလျှင် လူ
သားတို့နေထိုင်ရာ လူ့လောကကြီးသည် အမြဲတန်းလှပနေလိမ့်မည်ဟု လည်း ယုံကြည်သည်။ထို့
ကြောင့် တာဝန်ကျေခြင်းသည် လောကကိုအလှဆင်ခြင်းဖြစ်သည် ဟုနားလည်သည်။

ကိုရင်သာဂိသည် ဦးအာဒိစ္စနှင့်ဖြစ်ပျက်ခဲ့သည် ဖြစ်စဉ်များကို ပြန်လည်သုံးသပ်သည်။မည်သူသည် မှား၍ မည်သူသည်မှန်သနည်း။မိမိကိုယ်တိုင်က သူ့အရပ်သူ့ဒေသ ကိုသွားရောက်ခဲ့မိ၍ မိမိအမှားများ
ဖြစ်နေပြီလား။မဟုတ်ဘူး။အရပ်ဒေသအားဖြင့် သူ့အရပ်သူ့ဒေသဖြစ်နိုင်သော်လည်း နယ်ပယ်အား
ဖြင့် သာသနာ့နယ်ပယ်ဖြစ်တယ်။ဒိအတွက် ငါ့လုပ်ရပ်က မမှားဘူး။မှန်ကိုမှန်တယ်။ငါရှေ့ဆက်လှုပ်ရှား
ရမယ်။ဤသို့ ဆုံးဖြတ်ချက်ချပြီးနောက် ခင်သာရွာ၏ တောင်ဘက် ချောင်းရိုးကြီးကို ဖြတ်ကျော်၍ သူ
ကျောင်းတိုက်ကလေးသို့ဦးတည်ပြီးပြန်လာခဲ့သည်။၎င်း ဦးအာဒိစ္စ၏ သာသနာတော်ကို ခုတုန်းလုပ်၍
လာဘ်လာဘပေါများအောင် လုပ်ဆောင်နေမှုကိုလည်း မည်သို့မည်ပုံဖြေရှင်းရမည်ကို လည်း လမ်းတစ်လျှောက်လုံးတွင်အဖြေရှာစဉ်းးစားလာခဲ့သည်။ဟုတ်တယ်။“ရဟန်းများတို့ ၊စာပေမသင်၊နှုတ်
တွင်မဆောင်၊သိအောင်မပြု၊ဓမ္မာနုဓမ္မ ၊ပဋိပတ်ကွာ ဤငါးဖြာသည် မြတ်ဘုရားသာသနာကွယ်ကြောင်း
ပါတည်း..တဲ့။ရဟန်းတွေဟာ စာပေမသင်ဘူးဆိုရင်၊၄င်းစာပေများကို လည်း နှုတ်တွင်ဆောင်ထားခြင်း
မရှိဘူးဆိုရင်၊စာပေတွေက ဘာကိုပြောတယ် ဆိုလိုတယ်ဆိုတာကိုလည်း သိအောင်မလုပ်ဘူးဆိုရင်၊
ဓမ္မစာပေနဲ့အညီ ကျင့်ကြံနေထိုင်မှုမရှိဘူးဆိုရင် မြတ်စွာဘုရားရဲ့သာသနာတော်ဟာ ဧကန်ကွယ်
ပျောက်သွားမှာဖြစ်တယ်”။
ပြီးတော့ “အက္ခရာပုဒ်ပျက်၊လေ့ကျက်သင်ကြား၊ဒုဗ္ဗစမူ၊စာချသူရှား၊လာဘ်များအောင်ဖန်၊
ခိုက်ရန်ကွဲပြား ဤငါးပါးလည်း မြတ်ဘုရားသာသနာ ကွယ်ကြောင်းပါတည်း တဲ့။မြတ်စွာဘုရားဟောကြား
ခဲ့တဲ့ ပိဋကတ်သုံးပုံလာ ဓမ္မစာပေတွေကို အက္ခရာမှန်ကန်စွာ မခွဲခြားပဲ အမှားနည်းနဲ့သင်ကြားလေ့လာ
မယ်ဆိုရင်၊ပြောဆိုဆုံးမရခက်ခဲတဲ့ရဟန်းသာမဏေတွေပေါများလာမယ်ဆိုရင်၊စာပေသင်ကြားပို့ချမဲ့
သူရှားပါးလာမယ်ဆိုရင်၊လာဘ်လာဘပေါများအောင် ကြံစီလုပ်ကိုင်နေတဲ့ရဟန်းသာမဏတွေပေါများ
လာမယ်ဆိုရင်၊သာသနာဘောင်မှာ ရဟန်း သာမဏေအချင်းချင်း မညီမညွတ်ပဲ ခိုက်ရန်ဒေါသတွေဖြစ်
ပွားနေမယ်ဆိုရင် မြတ်စွာဘုရားရဲ့သာသနာတော်ဟာ ကွယ်ပျောက်ရတော့မှာ ဧကန်ဖြစ်တယ်။ဒါကြောင့်
ဘာပဲဖြစ်ဖြစ် ဦးအာဒိစ္စရေ ကိုယ်တော်လိမ္မာဖို့ တပည့်တော်မိုက်တော့မယ်”.
ဟု စိတ်ထဲတွင် ကြိမ်းဝါးရွတ်ဆိုရင်း ရွာဦးကျောင်း မုဒ်ဦးသို့ရောက်ရှိလာခဲ့သည်။
ကိုရင်သာဂိသည် ၄င်းတွေ့ကြံခဲ့ရသော အဖြစ်အပျက်များနှင့် ဦးအာဒိစ္စ၏ လုပ်ရပ်ကို ဆရာတော်အား
လျှောက်ထားမည်။တိုင်ပင်မည်။ဆရာတော်ဆီမှ အကြံဥာဏ်များယူမည်။၎င်းဦးအာဒိစ္စ၏ စေတီတ
ထောင်တည်မည့်ကိစ္စနှင့် သာသနာတော်တွင် မပြုသင့်မပြုထိုက်သောအလုပ်များအား လုပ်ဆောင်နေ
ခြင်းကိုရပ်တန့်စေမည်။မိမိရပ်ရွာအားအမိုက်တရားလွှမ်းမိုးမှုများကို တားဆီးးမည်။မသူတော်တို့ကြီးစိုး
မှုကို ပယ်ဖျက်မည်။မိမိရပ်ရွာသည် အမှန်တရားတို့နှင့်သာ စည်ပင်ဝပြောသောစံပြရပ်ရွာကြီးဖြစ်စေရ
မည်ဟု သန္ဒိဋ္ဌာန်ချသည်။စသည်….စသည်ဖြင့် ပြုခဲ့တွေးခဲ့ကြံခဲ့ရ၍ လူပင်ပန်း စိတ်ပင်ပန်းဖြစ်ခဲ့သော
ကြောင့် ဆရာတော်ကိုပင် တန်း၍သွားမတွေ့သေးပဲ ကိုယ်ပိုင်အခန်းကျဉ်းလေးထဲ၌ ခေတ္တလဲလျောင်း
ရင်း အိပ်ပျော်သွားသည်။အိပ်မက်ထဲတွင် ကိုရင်သာဂိ၏ အကြံအစည်အားလုံးထမြောက်အောင်မြင်
သွား၍ ဝမ်းသာပီတိ ဖြစ်လိုက်သေးသည်။သောက်ရေအိုးရှိရေခွက်ကို ကြိုးချည်စရာမလိုတော့၊ဖိနပ်ကို
ခါးကြားထိုးစရာမလိုတော့ ၊ကျောင်းပေါက်ဝတွင် ချွတ်ထားခဲ့နိုင်ပြီ။ရပ်ရာတခု သို့မဟုတ်မြို့တမြို့ သို့
မဟုတ် မည်သည့်နေရာဒေသတွင်ဖြစ်စေ သူခိုးအန္တရာယ်၊အသက်အန္တရာယ်၊စသည်လူတို့ပေး
တတ်သော အန္တရယ်များကို စိုးရိမ်ဖွယ်မရှိတော့လျှင် ၄င်းအရပ်ကို သာသနာထွန်းကားသောအရပ်ဒေ
သ ဟုခေါ်ဆိုနိုင်မည် ဟုလက္ခံသည်။သာသနာတော်ထွန်းကားဖို့အတွက် ရွှေကျောင်းကြီးတွေမလို ၊
ရွှေပိန်းပိတ်အောင်ချထားသော စေတီတွေမလို၊စေတီပေါင်းသောင်းခြောက်ထောင်မလို၊မြတ်စွာဘုရား
၏အဆုံးအမ သြဝါဒများကို သိအောင်လုပ်ဖို့နဲ့လိုက်နာကျင့်ကြံဖို့သာလိုအပ်သည်။ကိုရင်သာဂိသည် မိမိ
ရပ်ရွာ၌ သူခိုးဂျပိုးများကိုနေရာမပေးနိုင်၊လူလိမ်လူညာများကို အခွင့်အရေးမပေးနိုင်၊ကောင်ကျစ်
စဉ်းလဲသူများကို အကြီးအကဲ မခန့်အပ်နိုင်။ထို့အတွက် မိမိမှာ တာဝန်ရှိသည် ဟု သတ်မှတ်သည်။
သတ်မှတ်သည့် အတိုင်းလဲ ၄င်းတာဝန်ကို မည်သူမည်ဝါ၏စေခိုင်းချက်များ မပါပဲ မိမိဘာသာလုပ်
ဆောင်ဖို့ ထမ်းရွက်ဖို့ ဆုံးဖြတ်ခဲ့သည်။ထို့ကြောင့် အိပ်မက်ထဲတွင် ပင်၎င်းတာဝန်များကို ထမ်းရွက်
ရင်းအောင်မြင်ပျော်ရွှင်ခဲ့သည်။
သို့သော် “မကြံစည်ထားသော်လည်းဖြစ်လာနိုင်သည်၊ကြံစည်ထားသော်လည်း ပျက်သွားနိုင်သည်’’ဟူ
သော လောကနိယာမသဘောအရ ကိုရင်သာဂိ ကြံစည်ထားသည်များမှာ ပျက်ပြားခဲ့၍ မကြံစည်ထားသည်
များမှာ ဖြစ်လာခဲ့သည်။
ကိုရင်သာဂိသည် တညလုံး လူးလိုက်လှိမ့်လိုက်ဖြင့် အိပ်ပျော်သွားခဲ့သည်။ရံခါအိပ်မက် မက်သည်။ရံခါ
လန့် ၍နိုးလာသည်။အိပ်မက်ကိုအဟုတ်ထင်မိသလိုအဟုတ်ဖြစ်နေသည်ကိုလည်း အိပ်မက်ဟုပင်ထင်
မိသည်။အိပ်မက်နှင့်ဖြစ်ရပ်ကိုပင်မကွဲတော့သည်ဖြစ်၍ နိုးတဝက်အိပ်တဝက်ဖြင့်ညကိုကုန်လွန်ခဲ့သည်။
နံနက်ကိုးနာရီအချိန်တွင် ဆရာတော်က တံခါးကိုလာခေါက်မှ နိုးလာခဲ့သည်။
ဒေါက်……..ဒေါက်……..ဒေါက်
“ကိုရင်သာဂိနိုးပြီလား”….
“တင်ပါ တပည့်တော် နိုးပါပြီဘုရား”…
“ကိုင်း..ကိုင်း.. နိုးပြီဆိုရင်ထတော့..အာရုံဆွမ်းဘုဉ်းပေးပြီးရင် တပည့်တော်ဆီလာခဲ့ဦးနော်…ကိုရင်”…
“တင်ပါဘုရား”…
ဆရာတော်သည် ကိုရင်သာဂိကို ဘယ်တုန်းကမှ ယခုကဲ့သို့လာနှိုးခဲ့ခြင်းမရှိသလို ကိုရင်သာဂိလည်း
ဒီတညလောက် ဘယ်တုန်းကမှ မအိပ်ခဲ့စဖူးပေ။ထို့ကြောင့်ကိုရင် သာဂိသည် ဆရာတော်အား အားတုန့်
အားနာ ဖြစ်မိ၏။ရှက်သလိုလိုလဲ ဖြစ်မိ၏။သို့သော် ဦးအာဒိစ္စအကြောင်းခေါင်းထဲ ပြန်ဝင်လာ၍ ချက်ချင်း
ဆိုသလိုပင် အိပ်ယာများသိမ်းခြင်း၊ရေချိုးခြင်း၊အာရုံဆွမ်း ဘုဉ်းပေးခြင်းများကို ပြုလုပ်ပြီး ဆရာတော်ထံ
သို့ ခပ်သွက်သွက်ကလေးသွားလိုက်သည်။
ကိုရင်သာဂိသည် မနေ့က ဆရာတော်ငယ်ခေါ်ဦးအာဒိစ္စနှင့် ဖြစ်ပျက်ခဲ့သမျှကို ပြောဖို့အရှိန်ယူသည်။
သို့သော် ဘယ်ကစပြောရမည် မသိ။ထိုစဉ် ဆရာတော်က “ကဲ…ကိုရင်သာဂိ မနေ့က အဖြစ်အပျက်
လေးကို တပည့်တော်ကို ပြောပါဦး”…ဟုစကားစလိုက်သဖြင့်….မနေ့ကမိုးရွာ၍ တောင်ဘက်ရွာမှ မိုးခို
သူများသည် ၄င်းဆရာတော်ငယ်ခေါ်ဦးအာဒိစ္စအကြောင်းကို ပြောဆိုနေကြစဉ် ကြားသိလိုက်ရ
ကြောင်း၊ထို့နောက်၎င်းအား အကဲခတ်လိုသဖြင့် တောင်ဘက်ရွာသို့သွားခဲ့ကြောင်း စသည်ဖြင့် ဖြစ်
စဉ်အားလုံးကို လျှောက်ထားလိုက်သည်။
ထို့နောက် ဆရာတော်က “ရော့…ကိုရင်သာဂိဒီစာလေးကို ဖတ်ကြည့်ပါဦး….”.ဟုမိန့်ပြီး ကိုရင်သာဂိ
ထံသို့စာအိပ်တအိပ်ကို ကမ်းပေးလိုက်သည်။ဆရာတော်ကမ်းပေးသောစာကို တရိုတသေယူဖွင့်ဖတ်
လိုက်သည်။လာတဲ့စာက မြို့နယ်အဆင့်အရာရှိရုံးက။ဘာတွေပါလိမ့် ဟုတွေးပြီးခပ်သွက်သွက်လေး
ဆက်ဖတ်လိုက်သည်။ အကြောင်းအရာက သတိပေးတားမြစ်ချက် ဆိုပဲ။ကိုရင်သာဂိသည်
၎င်းစာကိုဖတ်ပြီးဆုပ်ဖြဲပစ်ချင်စိတ်ပေါက်သော်လည်းဆရာတော်ရှေ့တွင်ရှိနေသည်မို့မဆုတ်ဖြဲပစ်ခဲ့
မိချေ။
“တပည့်မကောင်းဆရာ့ခေါင်းဆိုတဲ့အတိုင်းတပည့်တော်မလိမ္မာလို့ ဒီလိုဖြစ်ရတာပါ ဆရာတော်ဘုရား
အဲ့ဒိအတွက် ဆရာတော်ကိုတပည့်တော်တောင်းပန်ပါတယ်ဘုရား…တပည့်တော်ကို ကြိုက်တဲ့အပြစ်
ပေးပါဘုရား” ..ဟုစာကိုဖတ်ပြီးပြီးချင်း ကိုရင်သာဂိက ဆရာတော်ကိုတောင်းပန်လိုက်သည်။စာမှာ
ကိုရင်သာဂိအပြင် ဆရာတော်ကိုပါ သတိပေးထားခြင်းဖြစ်သည်။သာသနာပြုရဟန်းသာမဏေအချင်း ချင်းမနှောက်ယှက်ရန်နှင့်နှောက်ယှက်သူများအား သာသနာညစ်နွမ်းစေမှု ပုဒ်မ ၂၉၂ အရသော်လည်း
ကောင်း သာသနာတော်ကို အကြည့်ညိုပျက်စေမှုပုဒ်မ ၂၉၅ အရသော်လည်းကောင်းအရေးယူသွား
မည်ဖြစ်ကြောင်း နှင့်ကျောင်းတိုက်တတိုက်ရှိကိုရင်ငယ်တပါးသို့မဟုတ် ရဟန်းတပါး၏ပြစ်မှုကျူး
လွန်မှုသည် ဥပဇ္ဈာယ်ဆရာအပေါ်၌ တိုက်ရိုက်သက်ဆိုင်မှုရှိသည်ဆိုတာကလည်း ပါသေးသည်။
“မနက်ကလည်း ဟိုဘက်ရွာက ရွာသားတွေလာသွားသေးတယ်..ကိုရင့်ကို မကျေနပ်လို့လာတိုင်ကြ
တာ…တချို့က ကိုရင်ကိုတွေ့ရာသင်္ချီုင်းဓါးမဆိုင်းဘူးလို့တောင် ကြိမ်းသွားကြသေးတယ်….ကိုရင်
သာဂိ…အဲ့ဒိအတွက်ကိုရင် ဘယ်လိုစိတ်ကူးထားလဲ”..ဟု မေးပြီးဆရာတော်က ဖတ်လက်စ စာအုပ်ကို
မျက်နှာမူထားလိုက်သည်။“တပည့်တော်အနေနဲ့ဘယ်သူ့အပေါ်မှာမှရန်လိုခြင်းဝန်တိုခြင်း နှောင့်ယှက်
ဖျက်စီးလိုခြင်း လုံးဝမရှိဘူးဆိုတာရယ် တပည့်တော် အခုချိန်ထိဘယ်သူ့ကိုမှစော်ကားခဲ့ရန်းကားခဲ့
တာမရှိသေးဘူးဆိုတာကတော့ တပည့်တော်ရဲ့အမှန်တရားပဲ ဘုရား…ဒါပေမဲ့ဒီအခြေနေမျိုးတွေဖြစ်
လာပြီဆိုမှာတော့ ဆရာတော်ရဲ့ဆုံးဖြတ်ချက်အတိုင်း တပည့်တော်လိုက်နာခံယူပါ့မယ်ဘုရား..”ဟု
လျှောက်တင်လိုက်သည်။
“ကိုရင့်ကို တပည့်တော် အပြစ်မမြင်ပါဘူး..ကိုရင့်ရဲ့လုပ်ရပ်တွေအားလုံးမှန်ပါတယ်…တပည့်တော်
ကိုယ်တိုင်လည်း ကိုရင့်ကိုဆက်ပြီးအားပေးသွားမှာပါ…”
ဆရာတော်၏ စကားကြောင့်ကိုရင်သာဂိ အဆုံးမရှိအောင် ဝမ်းသာသွားသည်။မိမိ၏လုပ်ရပ်ကမှန်ကန်
သည်ကတကြောင်း၎င်းမှန်ကန်သောလုပ်ရပ်အား ဆရာတော်ကိုယ်တိုင်က အားပေးနေဦးမယ် ဆို
သည်ကတကြောင်းမို့ အတိုင်းထက်အလွန် ပင်ကြည့်နူးမိသည်။
“ဒါပေမဲ့..ကိုရင်သာဂိ”
ကိုရင်သာဂိ အနည်းငယ်ညစ်သွားရပြန်သည်။ဒါပေမဲ့ဆိုကတည်းကိုက ဆန့်ကျင်ဘက်စကားတလုံး
ထပ်ထွက်လာတော့မည် မဟုတ်ပါလား။ဆရာတော်ဆက်မိန့်မည့် ဒါပေမဲ့၏အဆက်ကို ငံ့လင့်နေ
မိသည်။
“ကိုရင်သာဂိ ဒုတိယ သံဂါယနာ အကြောင်းလေ့လားဖူးလား”
“တပည့်တော် သိပ်မမှတ်မိတော့ပါဘုရား..”
“အဲ့ဒိ ဒုတိယသံဂါယနာဖြစ်ပေါ်လာပုံလေးက သာသနာတော်ကို သန့်ရှင်းစင်ကြယ်စေလိုသူတွေအ
မှတ်သာနည်းယူစရာ နည်းနာကောင်းတွေကိုပေးခဲ့တယ်ကွဲ့…တကယ်တော့ သာသနာကိုသန့်ရှင်း
တိုးတက်စေလိုသူတွေအတွက်တင်မကပါဘူး ယူတတ်မယ် ဆင်ခြင်တတ်မယ်ဆိုရင် အသင်းအဖွဲနဲ့
လူမှုရေး စီးပွားရေး နိုင်ငံရေးတွေမှာပါ အသုံးချလို့ရနိုင်တယ် ကိုရင်သာဂိရဲ့..”
“တင်ပါဘုရား တပည့်တော် မှတ်သားနာယူလိုပါတယ် ဘုရား…”
“ဒုတိယ သံဂါယနာကို သာသနာတော် သက္ကရာဇ် ၁၀၀ ခုနှစ်မှာတင်ခဲ့တယ်..ဘီစိ ၄၃၃ မှာ..အဲ့ဒိအချိန်က
မြန်မာပြည်မှာ ဒွတ္တပေါင်မင်းကြီးနန်းတက်တဲ့နှစ်ပေါ့…အရှင်ယသ မထေရ်မြတ်ကြီး
က ဝေသာလီပြည်ကို ကြွချီသွားခဲ့တယ်…ဝေသာလီပြည်ကိုရောက်တော့ ဝဇ္ဇီတိုင်းသားရဟန်းတွေက
ဝိနည်းတွေကို ပေါက်ကရလုပ်ပြစ်တယ်….မြတ်စွာဘုရားက လေးဆယ့်ငါးဝါကာလပတ်လုံး ဝိနည်း၊
သုတ္ဆန်၊အဘိဓမ္မာဆိုတဲ့ ပိဋကတ်သုံးပုံကို အပိုအလိုမရှိဟောခဲ့ပြီးသား…ထပ်ထည့်စရာလဲမလို
ဘူး၊ဖယ်ထုတ်ပြစ်လို့လဲမရဘူး၊အဲ့ဒိလို ပြည့်စုံလုံလောက်နေတဲ့တရားတော်တွေထဲကမှသာသနာ
တော်ရဲ့အသက်ဖြစ်တဲ့ ဝိနည်းတွေကို လိုတိုးပိုလျှော့လုပ်တာပေါ့….သူတို့လုပ်ချင်ရာလုပ်နိုင်ခွင့်ရမဲ့
စည်းမျဉ်းဆယ်ချက်ကို စွဲခဲ့ကြတယ်…အမှန်တကယ်တော့ ဝိနည်းဆိုတာ စည်းကမ်းပဲ ဥပဒေပဲ..အဲ့ဒိဥ
ပဒေကိုကိုယ့်စိတ်ကြိုက်ဆွဲပြီးကိုယ့်စိတ်ကြိုက်ပြင်တယ်ဆိုတာ သဘာဝကျတဲ့လုပ်ရပ်မဟုတ်ဘူး…ဥပ
ဒေဆိုတာ ခဏခဏပြင်လို့ကောင်းတဲ့အရာမဟုတ်ဘူး…ပြီးတော့ ဥပဒေကိုအနည်းစုနဲ့ပြင်ခွင့်မရှိဘူး..
အတင်းအဓမ္မနည်းနဲ့လည်းပြင်လို့မရဘူး၊ဥပဒေဟာအများအတွက်ဖြစ်တဲ့အတွက်အများဆန္ဒနဲ့ပဲပြုလို့
ရတယ်၊ပြင်လို့ရတယ်၊သံဃာ့ဥပဒေဆိုတော့လဲသံဃာ့ဆန္ဒမပါပဲပြင်လို့မရဘူး…အဲ့ဒါကိုသာသနာတော်
မှာပေါက်လွှတ်ပဲစားနေချင်ထိုင်ချင်ကြတဲ့ ဝဇ္ဇီတိုင်းသားရဟန်းတွေက ပြောင်းလဲပြစ်လိုက်ကြတယ်..အဲ့ဒါ
ကို အဓမ္မဝတ္ထုဆယ်ပါးလို့ခေါ်တယ်…ဗုဒ္ဓအလိုတော်ကျမဟုတ်တဲ့ ကျင့်ဝတ်ဆယ်ခုပေါ့…ဝဇ္ဇီတိုင်းသား
ရဟန်းဆိုးတွေ အဲ့ဒိလိုကျင်ကြံနေထိုင်နေတာကို ဝေသာလီပြည်ကို
ရောက်နေတဲ့ အရှင်ယသမထေရ်မြတ်ကြီးက မြင်သွားတယ်၊မြင်သွားတဲ့အခါမှာ ဒါဟာမသင့်တော်
ဘူး၊မဖြစ်သင့်ဘူးလို့လို့မိန့်တယ်၊အဓမ္မဝတ္ထုဆယ်ခုကို ဆက်လက်မကျင့်သုံးဖို့လဲ တားမြစ်တယ်…ဒါ
ပေမဲ့ ဝေသာလီပြည်မှာက အဓမ္မဝါဒီတွေ မင်းမူအုပ်စိုးနေတာဆိုတော့ အရှင်ယသမထေရ်ကို ဝိုင်းဖမ်း
ပြီးတော့ သိမ်ထဲဆွဲခေါ်ကြတယ်၊ပြီးတော့ ကမ္မဝါစာဖတ်ပြီးဆုံးမတယ်၊သူတို့ရဲ့အဓမ္မဝတ္ထုဆယ်ခုကို
မနှောင့်ယှက် မဖျက်ဆီးပဲ လိုက်နာကျင့်သုံးဖို့ပေါ့…ဒီတော့ အရှင်ယသမထေရ်မြတ်ကြီးကလဲ အဓမ္မဝါဒီခေါ်သူယုတ်မာတွေရဲ့လက်ချက်နဲ့တော့ ငါ့အညံ့မခံဘူးလို့ဆုံးဖြတ်လိုက်တယ်…အရှင်ယသ
မထေရ်က ဈာန်သမာပတ်နဲ့ပြည့်စုံပြီးသား ရဟန္တာတပါးဖြစ်လေတော့ တန်ခိုးတော်နဲ့သိမ်ကိုဖောက်
ထွက်ပြီးကောင်းကင်ခရီးနဲ့ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်…အဲ့ဒိမှာမှတ်သားရမှာက အဓမ္မဝါဒီခေါ်လူ
ဆိုးလူမိုက် လူရမ်းကား လူ့ဗာလတွေအင်အားများနေရင်သူတော်ကောင်းလူလိမ္မာတွေကိုအနိုင်ကျင့်
ဖျက်စီးပြီး သူတို့ရဲ့အဓမ္မထဲကိုသွပ်သွင်းတတ်ကြတယ်ဆိုတာရယ်…..ဓမ္မဝါဒီလူလိမ္မာဆိုသူကလဲ အင်
အားနည်းနေရင် တုန့်ပြန်မှုမပြုသေးပဲအင်အားကောင်းအောင်စုဆောင်းပြီးမှအနိုင်ရအောင်ကြံဆောင်
ရတယ်၊ကိုယ့်မှာအမှန်တရားဆိုတာ တခုတည်းကိုင်ပြီးယှဉ်ပြိုင်မယ်ဆိုရင် အနိုင်ရဖို့ကနောက်မှ
လောလောဆယ်ကိုယ်ကိုယ်တိုင်အသက်ပျောက်သွားနိုင်တယ်….ဓမ္မကိုလွှမ်းမိုးစေချင်တဲ့ကိုယ်တိုင်က
ပြိုင်ဘက်လက်ချက်နဲ့နလန်မထူနိုင်ရင် ကိုယ့်ရဲ့ခံယူချက်ယုံကြည့်ချက်ပန်းတိုင် စေတနာ မေတ္တာဆိုတာ
တွေဟာ ဘာမှန်းမသိတဲ့အရပ်မှာ နေရာအပေးခံလိုက်ရလိမ့်မယ်ကိုရင်”…..ဟုမိန့်ပြီး လျောကျသွားသော
အပေါ်ရုံဧကသီကို ပြန်လည်မတင် ပြင်ဝတ်လိုက်သည်။
“ဒါဆိုရင် အရှင်ယသမထေရ်မြတ်ကြီးက ထွက်ပြေးသွားရတာပေါ့..ဟုတ်လားဘုရား”…ဟု ကိုရင်သာဂိ
က မေးလိုက်သည်။
“ထွက်ပြေးတယ်ဆိုရင်လဲမမှားပါဘူးကိုရင်..ဒါပေမဲ့  အရှုံးနဲ့ပြေးတာမဟုတ်..အနိုင်ရဖို့ပြေးတာ…အဲ့ဒါ
မျိုးကို ခြေတလှမ်းနောက်ဆုတ်တယ်လို့ခေါ်တယ်…အနိုင်ယူဖို့အတွက်..လောကကြီးအတွက် အများ
အတွက် အောင်ပွဲခံပေးဖို့ အဲ့ဒိလိုရှောင်သင့်ရင် ရှောင်ရတယ်၊ခြေတလှမ်း နောက်ဆုတ်သင့်ရင်
ဆုတ်ထားရတယ်…အင်အားစုဆောင်းဖို့အတွက်ဖြစ်တယ်…အင်အားဆိုတဲ့နေရာမှာလည်း အင်အား
က ငါးမျိုးရှိတယ်…အဲ့ဒိအင်အားငါးမျိုးကိုစုဆောင်းရမှာ..လူဦးရေအရည်အတွက်အင်အားတင်မဟုတ်
ဘူး…ကိုယ်တဦးတည်းရဲ့သဒ္ဓါ၊ဝီရိယ၊သတိ၊သမာဓိ၊ပညာတွေတင်မကဘူး၊ကိုယ်လိုသော်လည်း
ကောင်း ကိုယ့်ထက်သော်လည်းကောင်း တူညီတဲ့အင်အား သာလွန်တဲ့အင်အားရှိသူတွေကို ရှာဖွေ
စုဆောင်းရမယ်…အဲ့ဒါတွေက ဓမ္မဝါဒီ အရှင်ကောင်းတွေဖြစ်တယ်..အဲ့ဒိလို အရှင်သူမြတ်တွေကို ရှာဖွေလျှောက်ထားပြီးအင်အားကြီးမားလာတဲ့အခါမှာတော့ အရှင်သဗ္ဗကာမိ၊အရှင်ရေဝတ စ
တဲ့ရဟန္တာ အပါးခြောက်ရာကိုးဆယ့်ကိုးပါးကို ပင့်ဖိတ်နိုင်ခဲ့တယ်…အဲ့ဒိမှာ အရှင်ယသအပါအဝင်
ရဟန္တာအပါးခုနစ်ရာနဲ့ ဝေသာလီပြည်မှာသာသနာတော် သန့်ရှင်းစင်ကြယ်ရေးကိုပြုလုပ်နိုင်ခဲ့တယ်၊
အဲ့ဒါကို ဒုတိယသံဃာယနာလို့ခေါ်တယ်.. ကာလာသောကမင်းကြီးနဲ့ပြည်သူပြည်သားတွေ
ကဝိုင်းဝန်းပံ့ပိုးပေးခဲ့တယ်…။”
ဆရာတော်က စကားပြောခေတ္တရပ်သွားသည်။ကိုရင်သာဂိလည်း ဆရာတော်ဘာထပ်မိန့်ဦးမည်ကို
စောင့်ဆိုင်းနားစဉ်နေသည်။
“အဲ့ဒိတော့ကိုရင်လည်းကိုရင့်ရဲ့ သဒ္ဓါအား၊ဝီရိယအား၊သတိအား၊ပညာအား၊သမာဓိအားတွေကိုဖြည့်စီး
ရမယ်။ပြီးတော့အဲ့ဒိလို အင်အားငါးတန်နဲ့ပြည့်စုံတဲ့ ရဟန်း သာမဏေအရှင်ကောင်းတွေကိုရှာဖွေစု
ဆောင်းမိတ်ဖွဲ့ရမယ်…ပြည့်စုံပြီဆိုတဲ့နေ့မှာကိုရင်ပြန်လာပြီးတော့အဓမ္မကို ဓမ္မအဖြစ်ပြောင်းယူရမယ်”
“တပည့်တော်က အဲ့ဒါတွေကိုဘယ်မှာ သွားပြီးရှာဖွေစုဆောင်းရမှာလဲဘုရား…”
“ပခုက္ကူမြို့မှာတပည့်တော်ရဲ့စာသင်ဖက်စာချဘုန်းကြီးတပါးရှိတယ်..ကိုရင့်ကိုတပည့်တော်စာရေး
ပေးလိုက်မယ်..သွားတာတော့ မြို့က  ဒကာတယောက်လိုက်ပို့ပေးလိမ့်မယ်….သေသေချာချာမှတ်
ထားရမှာကတော့ အခုသွားတာဟာ အရှုံးပေးလိုက်တာမဟုတ်ဘူး အနိုင်ယူဖို့သွားတာ…ခြေတလှမ်း
နောက်ဆုတ်လိုက်တာလို့ကိုရင့်အနေနဲ့သိထားရမယ်…ဒီလိုပဲ ခြေတလှမ်းနောက်ဆုတ်ခဲ့ရတဲ့လူတွေ
လဲ လောကမှာ အများကြီးရှိတယ်….ပြီးတော့ ခြေတလှမ်းနောက်ဆုတ်ခွင့်မရှိတော့တဲ့ ရဟန်းအိုကြီးတ
ပါးလဲအဓမ္မဝါဒီတွေကြားမှာဘယ်တော့ဘာဖြစ်မယ်ဆိုတာ မသိသေးဘဲ အနာဂတ်ဆိုးတခုကိုရင်ဝယ်
ပိုက်ထားရတယ်ဆိုတာကိုလဲ မမေ့နဲ့ပေါ့ကိုရင်…”.ဟုမိန့်ပြီး သက်ပြင်းရှည်ကြီးတခုကို မှုတ်ထုတ်
လိုက်သည်။
ကိုရင်သာဂိလည်း “တင်ပါဘုရား” ဟုသာ လျှောက်တင်ပြီး ခေါင်းငိုက်စိုက်ထားလိုက်ရသည်။
နောက်တနေ့ကိုရင်သာဂိစာသင်တိုက်သို့သွားရန်အတွက်ပစ္စည်းများကို လှည်းပေါ်တင်နေသည်။
ကိုရင်သာဂိ၏မိဘညီအစ်ကိုမောင်နှမများနှင့်အတူ ရွှေရီလည်းရောက်လာသည်။အားလုံးကမျက်ရည်
စက်လက်နှင့်။သို့သော် ဝမ်းနည်း၍ကျသော မျက်ရည်များမဟုတ်သလို ဝမ်းသာ၍ကျသောမျက်ရည်
များလည်းမဟုတ်ကြ။မျက်ရည်စက်လက်နှင့်ပင် ကိုရင်သာဂိကို အားလုံးကဝိုင်း၍ရှိခိုးကန်တော့ကြ
သည်။မိုးဒီက “ကိုရင်သာဂိစာတွေသင်ပြီးရင်တပည့်တော်တို့ရဲ့ခင်သာရွာလေးကိုပြန်လာရမယ်နော်”
ဟု လှမ်းပြောသလိုရွှေရည်ကလည်း အသိနောက်ကျ၍ အပြေးအလွှားကြော်လိုက်ရသော ငါးခြောက
်ကြော်ဘူးကိုမျက်ရည်စက်များနှင့် ခေါင်းငိုက်စိုက်ရင်း ကိုရင်သာဂိ၏မျက်နှာကို မော့မကြည့်ပဲကပ်လှူသည်။မိခင်ဒေါ်ရင်မှုန်ကလည်း“သားလေးကိုရင်အစဉ်မပြေရင်ပြန်လာခဲ့နော်…
ဘယ်ဒုက္ခကိုမှကြိတ်ပြီးမခံနဲ့သိလား..ကိုရင်”် ဟုပြော၍ ဦးသာလှက မျက်စောင်းလှမ်းထိုးရင်း “ဘာတွေ
လျှောက်ပြောနေတာလဲ” ဟူသည့်အကြည့်မျိုးနှင့်ကြည့်သည်။
ဆရာတော်ကတော့ သွားတော့မဲ့ဆဲဆဲလေးမှာတခုခုကို သတိရသွားဟန်ဖြင့် “ကိုရင်..ကိုရင့်ကိုနေ့စဉ်
မိုးလင်းတိုင်း မျက်နှာသစ်ရင်းရွတ်ဖို့သင်ပေးထားတဲ့ ဆောင်ပုဒ်လေးမှတ်မိရင်ပြန်ရွတ်ပြခဲ့ပါဦး”…မိန့်
လိုက်သည်…။
ကိုရင်သာဂိလည်း လာရောက်နှုတ်ဆက်သူများ..အတူနေသံဃာတော်မျာကို တစိမ့်စိမ့်ကြည့်ရင်း
ထွက်ကျလုဆဲသော မျက်ရည်များနှင့် တုန်ရည်သောအသံတို့ကိုပေါင်းစပ်၍ရွတ်ပြလိုက်သည်။
“ယောင်ပေပေ တောင်ခြေရင်းမှာလ
မိန်းမောနေဆဲ
ယောင်မစွန့်လျှင်
တောင်ညွန့်ကို ဘယ်လိုရောက်ပါ့မယ်
အောက်ကျစမြဲ”။

ဆက်လက်ရေးသားပါဦးမည်။

နန်းရှင်

No comments:

Post a Comment