ဘိုးသိုးဘတ်သပ် အဟောင်းစက်စက်
ရင်ခုန်သံကြီးကိုပဲ ထပ်ခါတလဲလဲ နမ်းရှိုက်ရင်း
လရောင်ကို ဖမ်းသောက်လိုက်တယ်..။
ရင်ဘတ်ထဲက ပင်လယ်ပြင်ဟာ
ဆာလောင်တဲ့အကြည့်တွေနဲ့  လျှာတစ်ခြမ်းကို နှစ်သိမ့်တတ်ပေမဲ့...
သားမမှားဘူး မေမေ...ဗီဇကမှန်နေမှတော့
ကျနော်ဆိုတာ ဘယ်ရောက်ရောက်
ငါးပုတ်ကို ပေါင်မုန့် ထောပတ်သုတ်ထက်ကြိုက်တယ်...။
သား...အများကြီးကို ရှာဖွေခဲ့ပါတယ် မေမေ...
စာကြည့်တိုက် ပြတိုက် ..အဟောင်းဆိုင်နဲ့ 
မြို့ ကြီးပြကြီးတွေကို နှံ့ လို့ ...
ဒါပေမဲ့...မေမေရယ်....
သားရခဲ့တာဟာ အဝေးဆုံးတစ်နေရာက ညနဲ့ မတူတဲ့ ညတွေရယ်....
ဓူဝံကြယ်ပေါ်က မချစ်တတ်တဲ့ နှလုံးသားတစ်စုံရယ်...
အသက်နဲ့ ရင်းပြီးဝယ်ခဲ့ရတဲ့ တန်ဖိုးနည်း အတွေ့ ကြုံတွေရယ်....
ပြီးတော့....
မိတ်ဆွေတံဆိပ်နဲ့ ရန်သူစိတ်ပေါင်းစပ်ပြီး
မကြာခင် ခြံစည်းရိုးပေါင်းများစွားအခတ်
ပိန်ပါးပါး ရှည်မြောမြောလေးနဲ့ မှောင်ပြပြတစ်နေရာဟာ
သားရဲ့ စတင်ရာပါလားလို့ ပြန်သိလိုက်ရတဲ့ အသိလေးတစ်ခုရယ်ပါ...။
ဘာဖြစ်ဖြစ်မေမေရယ်
ကျနော့်ရဲ့ မျှော်လင့်ချက်ဆိုတာက ကမ္ဘာပြိုတောင် သူအိုမှာမဟုတ်ဘူးလေ..
ဟုတ်တယ်မေမေ
သားရဲ့ အသက်ဟာ လေပြေတစ်ချက် ချောင်းတဟတ်နဲ တင် လွင့်ထွက်သွားနိုင်ပေမဲ့
လေတိုက်လို့ ကြွေကျမဲ့ သရက်သီးလေးတွေကို လိုက်ကောက်စားချင်သေးတယ်...
ခြေမတစ်ချောင်းနဲ့ လက်ညှိုးလေးတစ်ချောင်း သာ နေရာရတဲ့ ဘပ်စ်ကားကိုလဲ တိုးစီးချင်သေးတယ်...
ဘေးအိမ်ကတောင်းလို့ ရတဲ့ ငါးပိရည်အဖြူထည် ခပ်ကြဲကြဲလေးနဲ့ ခြံတစ်ပတ်လိုက်ခူးလို့ 
ရလာမဲ့ အရွက်စုံ တို့ စရာလေးတွေကိုလဲ မြိန်ယှက်ယှက်စားချင်သေးတယ်...
ရွာဦးကျောင်းကအလှူပွဲမှာ ဖိနပ်ကိုခါးကြားထိုးပြီး
ငါးခြောက်ထောင်းနဲ့ ပြာဟင်းချိုကိုလဲ သောက်ချင်သေးတယ်မေမေ...
ဒီလိုပါပဲ မေမေ...အဲ့ဒိမျှော်လင့်ချက်တွေက
နှစ်ရက်မြောက်ကတည်းကစတင်ခဲ့တာ
တကယ်တော့လဲ သုခုမဆိုတာက သြဠာရိကထက်ကို ကြမ်းလွန်းခဲ့ပါတယ်...
နောက်ဆုံးမှာ ငတ်လွန်းမက ငတ်လာတော့
ကိုယ့်နှလုံးသားကို ကိုယ်ပြန်ညှစ်ပြီး..အစာပြေသောက်
ကဗျာတွေနဲ့ သာ အလွမ်းကြောက်စိုင်တွေကို အရည်ဖျော်နေရတာပါမေမေ..။
နန်းရှင်
၁၊၂၄၊၁၃။
No comments:
Post a Comment