Friday, August 29, 2014
ခင်သာဇာတိ မောင်သာဂိ(၁၂)
အခန်း(၁၂)ယဉ်ကျေးမှုနဲ့ကိုရင်သာဂိ
               ကိုရင်သာဂိသည် ကိုရင်ဝတ်ဖို့ အတွက် အချိန်ကာလ အတိုင်းအတာ တခုထိကြာမြင့်စွာစောင့်
ဆိုင်းခဲ့ရသည်။ အခု မိမိရဲ့ ဆန္ဒအတိုင်း ကိုရင် ဝတ်ခွင့်ရခဲ့ပေပြီ။  ရရှိခဲ့သော အခွင့်အရေးကို  လက်လွတ်မ
ခံသင့်    ဟု နားလည်သည်။    အခွင့်သာခိုက်မှ မလိုက်ချင်လျှင် အမိုက်နင့်ပြင် ရှိသေးလေလိမ့်လား၊ အခွင့်
သာဆဲမှ  မခဲချင်လျှင်  အလွဲနင့်ပြင်  ရှိသေးလေလိမ့်လား၊    အခွင့်သာတုန်းမှ  မရုန်းချင်လျှင်  အရှုံးနင့်ပြင်
ရှိသေးလေလိမ့်လား  စသည်  စသည်ဖြင့် ငယ်စဉ်  တောင်ကျေးကလေး  ဘဝကတည်းက ဆရာတော်ကြီး
ကိုယ်တိုင် နှုတ်တိုက် သင်ကြား ပေးထားသည့် အဆုံးအမ လင်္ကာပိုဒ်လေးများကို အထပ်ထပ်အခါခါရွတ်ဆို
သည်။   နှလုံးသား  ရေးရာများကို   ကာမတဏှာ အဖြစ်ဖြင့် လည်းကောင်း၊  သံသရာ    လည်ပတ်ခြင်း၏  အကြောင်း    အဖြစ်ဖြင့်  လည်းကောင်း   ရှုမြင်နိုင်အောင်   ကြိုးစား၍   မရခဲ့သော်လည်း မိမိဝတ်ဆင်ထား
သောအရာ (သင်္ကန်း) သည် ဘုရားပစ္စေကဗုဒ္ဓါ  စသော ပုဂ္ဂိုလ်မြတ်တို့၏ အသုံးအဆောင်ပါလား ဟူသည့်
အသိတစ်ချက်ကြောင့်  သင်္ကန်းနှင့် နှလုံးသားရေးရာ များကို  စည်းတဖက်ခြား စေနိုင်ခဲ့သည်။   ထို့ကြောင့်
ရွှေရီ ဟူသောနာမည်နှင့် ရင်ခုန်သံ ဟူသော ခံစားချက် များသည်ပင်လျှင် စကြာဝဠာ တံတိုင်းကြီး၏ အပြင်
ဘက်တွင်ရောက်ရှိနေပေပြီ။
                  အချစ်ကြောင့် စိုးရိမ်သောကဗျာပါဒများဖြစ်ရ၏။
                  အချစ်ကြောင့် ဘေးဥပါဒ်အန္တရာယ်များကျရောက်ရ၏။
                  ရင်ခုန်ခြင်း  ဟုဆိုအပ်သော   အချစ်မရှိသူအား   စိုးရိမ်သောကဗျာပါဒ  နှင့်  ဘေးဥပါဒ် အန္တ
                  ရာယ်များ   သည်   မည်သို့သော နည်း     ဖြင့် ကပ်ရောက်    ဖြစ်ပေါ် နိုင် ပါ ဦး မည်နည်း။
ကိုရင်စဝတ်သည့်နေ့၌ပင် ဆရာတော်က ကိုရင်သာဂိအား ခေါ်ယူဆုံးမ သွန်သင်ခဲ့သည့်ထိရောက်လှသော
ဆုံးမစာ အတိုကလေးပင်ဖြစ်သည်။  ၄င်းစာတိုလေးဖြင့်ပင် ကိုရင်သာဂိတစ်ယောက် အချစ်နာကျခြင်းမှ နာ
လန်ပြန်ထူနိုင်ခဲ့သည်။   ၄င်းစာကြောင်းတိုလေး များကို  ရွတ်ဆို၍   ဗုဒ္ဓကိုယ်တော်တိုင်လည်း များစွာသော
သတွါတို့ကို  တဏှာပေမတို့၏ ကင်းရာဝေးရာ   နိဗ္ဗာန်ပြည်ကြီးသို့ အရောက် ပို့ပေးနိုင်ခဲ့သည် မဟုတ်ပါ
လော။   ရွာဦးကျောင်း ဆရာတော် သည်ပင် သာဂိအတွက် များစွာ တန်ဖိုး ကြီးမားသော ဆရာသခင် ကျေး
ဇူုးရှင်ဖြစ်ခဲ့သည်။  အလွန် အင်မတန် ကြီးမားသော အချစ်လှိုင်း ထန်ပိုးသည်  နုနယ်သည့် နှလုံးသားပိုင်ရှင်
ကိုရင်သာဂိကိုတိုက်ခတ်လာခဲ့သည်။ဆရာတော်သည် ၄င်းအချက်ကိုသိသည်။ နားလည်သည်။သာဂိခံနေရ
သော ဒုက္ခဆင်းရဲ ကိုမခံစေချင် သလို ၄င်း အချစ်လှိုင်း ထန်းဖိုးနဲ့  အတူ  မျောပါလွင့်စင်  သွားမည့် လူငယ်
တယောက်၏ ဘဝကိုလည်း သနားသည်။  ထို့ကြောင့် ကိုရင်သာဂိကိုအရိပ်တကြည့်ကြည့်ဖြင့်ပင်ဥပေက္ခာ
ဆန်ဆန်နေပြခဲ့သည်။  ပြောချိန်တန်သောအခါ တွင်ကား  တနေ့တရက် တနံက်မျှ မခြားစေပဲ ပြောချလိုက်
သည်။ ဗုဒ္ဓ၏တိကျသော အဆုံးအမ၊ ဆရာတော်၏ မှန်ကန်သော ကရုဏာစေတနာ၊ကိုရင်သာဂိ၏ ဖြတ်ထိုး
ဥာဏ် နှင့်  ရတနာမြတ် သုံးပါး အပေါ် ယုံကြည်  ကိုးစားမှု များကြောင့် မှန်ကန်သောလမ်းပေါ်တွင်ရှင်းလင်း
သောအမြင့်နှင့်မြန်ဆန်စွာလျှောက်လှမ်းနိုင်တော့မည် ဖြစ်သည်။
       ရတောင့်ရခဲလှသော  သမဏသုခ နှင့် ငါသည် လောက အတွက် အကျိုးရှိသောလူသား ဖြစ်ရမည် ဟူ
သည့်   အဓိဋ္ဌာန်၊  အချိန်သည် ရွေ့လျှားနေသရွေ့ မိမိ၏ ဘဝသည်လည်း ပြောင်းလဲတိုးတက် နေရမည်ဟူ
သော  လောက၌  ရှိသမျှ  လူသား အားလုံး လက်ကိုင်  ကျင့်သုံးရမည် ဟု  နားလည်ထားသည့်  နှလုံးသား
ဓါတ်ခံ အသိတရားတခု၊ ၄င်းတို့ အားလုံးကို ပေါင်းစပ်၍   စာဖတ်သည်။  စာကျက်သည်။တရားထိုင်သည်။
လောက ၌ ထွေပြားလှစွာ ဖွင့်ဆိုကြသော လူဘဝ၏ အဓိပ္ပယ်ကို စဉ်းစားသည်။  အချိန် ရရင် ရသလို ဆရာ
တော်ကို  ချဉ်းကပ် ခစားသည်။   မရှင်းလင်း   နားမလည်သော  ပုစ္ဆာများ  ဝါဒရေးရာ များကို  မေးလျှောက်
သည်။  ဆွေးနွေးသည်။  ဆရာတော်ကလည်း စိတ်ရှည်လက်ရှည် ပြန်လည် ဆွေးနွေး ဖြေကြားပေးသည်။
        ထိုသို့ဆွေးနွေးသည့်အခါတိုင်းမှာ ကိုရင်သာဂိသတိထားမိသည့် အရာနှစ်ခုရှိသည်။ဆရာတော်သည်
မိမိနှင့်  စကားပြောတိုင်း မင်း၊  ငါ စသည် ပြောဆိုခြင်းမရှိပဲ  အရှင်ဘုရား၊  တပည့်တော်၊  ကိုရင်စသည်ဖြင့်
သုံးနှုန်းသည့် အချက် နှင့် ဘယ်အရာသည် မှန်သည်   ဘယ်အရာကို ဒီလိုပဲ မှတ်ရမည် ဒါဟာပုံသေနည်းပဲ
စသည်ဖြင့်မပြောဆိုပဲ ဒီအယူအဆကတော့ဖြင့် ဒီကျမ်းဂန်ကဖြစ်ပြီး ဟိုအယူအဆကတော့ အတ္တနောမတိ(ကိုယ်ပိုင်အယူအဆ) ဖြစ်တယ်၊အဲ့ဒါကိုမှယုတ္တိရှိမရှိကိုယ်တိုင်ဆုံးဖြတ်လက္ခံဖို့စသည်ဖြင့်
 ပြောဆိုဆုံးမဆွေးနွေးလေ့ရှိသည့်အချက်တို့ပင်ဖြစ်သည်။အဖြေကိုတန်းမပေးပဲကိုယ်တိုင်စဉ်းစားတွေးခေ
ါ်စေခြင်းနှင့် မိမိမေးသော ပုစ္ဆာများကို မူတည်၍ မေးခွန်းကို  တဖန်ပြန်ထုတ်ခါ အဖြေမှန်ကို ရရှိစေခြင်းဖြစ် သည်။ ဤသို့ဆွေးနွေး သွန်သင်မှု များကြောင့်လဲ အတွေးအခေါ်များ အယူအဆများ ကိုယ်ပိုင် ဆုံးဖြတ်နိုင်စွမ်းများ တနေ့တခြား တိုးပွားလာမှန်း သတိ ထားမိခဲ့သည်။ သို့သော် လေ့လာလေ လိုက်စားလေ လေ့လာစရာ လိုက်စားစရာ များ များစွာ ကျန်ရှိနေမှန်းပို သိလေ ဖြစ်လာသည်။ ကိုယ်တိုင် သတိထားမိသည့် ဆရာတော်ကြီး၏ အမူအရာ သွင်ပြင် နှစ်ခု တွင်ယုတ္တိ နှင့် တိုင်းတာ လက်ခံဖို့ ကို အဘချို ပြောဆိုဆုံးမ ခဲ့ဘူး၍  နားလည်သယောင် ရှိခဲ့သော်လည်း များမကြာမှီ ကာလ အတော အတွင်း လေးကမှ ကိုရင်    ဖြစ်ခဲ့သောမိမိအား     ကိုရင်   အရှင်ဘုရားတပည့်တော်စသည်ဖြင့်  ခေါ်ဝေါ်  သုံးနှုန်း  ပြော ဆို  ဆက်ဆံခြင်းကိုမူ မေးကြည့် သင့်ကြောင်း   နားလည်လိုက်သည်။  မိမိကိုယ်တိုင်ပင် အကို အားလုံးကို  နင် နဲ့ ငါ ဟူသော အသုံးအနှုန်းများဖြင့် ပြောဆို ဆက်ဆံခဲ့သည်။  ကိုယ် တယောက်တည်း လဲမဟုတ်၊  လက်လှမ်းမှီသိရသမျှ  ရွာနည်းချုပ်စပ်မှ   ရွာသူရွာသားအားလုံး ညီအကိုအချင်းချင်း သူငယ်ချင်းအချင်းချင်း  အသက်အရွယ်ကို သိပ်မကြည့်။  မင်း ငါ စသည်ဖြင့်ပင် သုံးနှုန်း ခေါ်ဝေါ်ခဲ့သည်။   ဒီနေ့တော့ ၄င်းကိစ္စအား မေးဖြစ်အောင်မေးလိုက်တော့မည်  ဟုဆုံးဖြတ် လိုက်သည်။
                   နွေရာသီ၏   သာယာသော ညတညတွင်   ကျောင်းထဲမှ လှမ်းကြည့် လိုက်လျှင်   ပတ် ပတ်
လည်၌   ရိပ်သိမ်းထားပြီးသော  လယ်ကွင်းကို   မပြည့်တပြည့်  ဖြစ်နေသော   လမင်းကြီး၏အလင်းရောင်
ကြောင့်   တမျှော်တခေါ်ကြီး  လှန်းကြည့်ရင်း   ရင်သပ်ရှုမောနိုင်မည်ဖြစ်သည်။  ညသည်တိတ်ဆိတ်သည်
ဆိုသော်လည်း  တခါတရံ  တကျွီကျွီ တအီအီဖြင့် တောမှအပြန်  နွားလှည်းသံများကိုမူ   မကြာ မကြာကြား
ရတတ်သည်။  ၄င်းတို့၏ အသံများ ကိုပင် ဘာရယ်မဟုတ်  တာဝန်တခု အဖြစ်  နားလည်ထားသောရွာနေ
အိမ်မှ  ခွေးများက လိုက်လံ၍  ဟောင်နေသော အသံ များကိုလည်း ရံခါ ကြားရတတ်သည်။   သို့သော် ခပ်
လှမ်းလှမ်းမှ  ဖြစ်၍ အတော်အသင့် ရင့်ကျက်နေပြီဖြစ်သော ကိုရင်သာဂိ၏  သမာဓိ  ခေါ်  စိတ်၏တည်ငြိမ်
မှုကိုတော့ အနှောက်အယှက်  မဖြစ်စေနိုင်ခဲ့ပေ။  သဘာဝတရားကြီးက လူသားအားလုံးကိုအခမဲ့ ပေးထား
သော လှပသည့် လရောင်နှင့်   တဖြူးဖြူး တိုက်ခတ်လာသော လေပြေနုလေးကို   ခံစားရန်   ကျောင်းပေါ်မှ
ဆင်းလာခဲ့သည်။    ကျောင်းရှေ့  မုဒ်ဦး  ဆောင်းတန်းတွင်  ဆရာတော် စင်္ကြန်  လျှောက်နေသည် ကိုတွေ့
လိုက်၍  ဆရာတော်အတွက် အနှောက်အယှက်များဖြစ်လေမလား ဟူသောအတွေး နှင့်အတူ ကျောင်း ပေါ်
သို့  ပြန်တက်ရန် စဉ်းစားလိုက်သည်။  ထိုစဉ် ဆရာတော်က လှမ်းခေါ်သည်။
ကိုရင်သာဂိ မကြိမ်းသေးဘူးလား..
တင်ပါတပည့်တော်အိပ်မပျော်လို့လမ်းလျှောက်ရင်းတရားမှတ်ရင်ကောင်းမလားဆိုပြီးဆင်းလာခဲ့တာပါဘုရား….
အေး…  အေး ..  ကောင်းပေတာပဲ..  ကိုရင်သာဂိ… တပည့်တော်လည်း အိပ်မပျော်လို့ ဆင်းလာပြီး တရား
မှတ်နေတာ….လာလေ တပည့်တော်နဲ့   နည်းနည်းပါးပါး   တရားလေး  ဘာလေး  ဆွေးနွေး ကြတာပေါ့…
ဆရာတော်၏  စကားအဆုံး၌  ကျေနပ်မှုများ ရလိုက်သည်။  ဟုတ်တယ်။  ဆရာတော်ကို မေး လျှောက်စရာ
တွေရှိသေးတယ်။     အခွင့်သာတုန်း  မေးလျှောက် လိုက်ဦးမယ်   ဟု တွေး၍   ဆရာတော့် သို့ ထံဦးတည်
လျှောက်လှမ်းခဲ့သည်။ဆရာတော်က ကျောင်းမုဒ်ဦး ထိုင်ခုံလေးပေါ်တွင်ထိုင်၍ ကိုရင်သာဂိက မနီးလွန်း၊ မဝေးလွန်း၊     ရှေ့တည့်တည့်၊     နောက်ကျော၊     လေညာအရပ်၊     မြင့်သောအရပ်   ဟူသော  လူကြီး
သူမ များနှင့် ပြောဆို ဆက်ဆံ   ခစားရာတွင်  အပြစ်ရှိသော  နေရာ ခြောက်မျိုးကို   ရှောင်ရှား၍  သင့်တင့်
လျှောက်ပတ်သော နေရာတွင် ခုန်ငယ်တလုံးနှင့် နေရာယူလိုက်သည်။
        ကိုရင်သာဂိ…   တပည့်တော်နဲ့   ဆွေးနွေးခဲ့တာ  တွေလဲများပြီ…  ဖတ်ခဲ့တဲ့စာအုပ်  တွေလဲများပြီ..
ပြောခဲ့တဲ့  အကြောင်းအရာ တွေကလဲဆုံလို့ ၊  အဲ့ဒိအထဲ  ကိုရင့်အတွက် ဘာတွေ ထူးခြားမှုရှိပြီးဘာတွေ
ကိုတွေဝေနေသေးလဲ ဆိုတာ  တပည့်တော်ကို နည်းနည်းလောက်ပြောပြလို့ ရမလား… ဆရာတော်စတင်
လိုက်သော စကားနှင့်  ကိုရင်သာဂိ မေးမြန်း လျှောက်ထားချင်သော အကြောင်းအရာမှာ  အံဝင်ခွင်ကျ ဖြစ်
နေ၍  တုံ့ ဆိုင်း လေးလံခြင်း မရှိပဲ လိုရင်းကို လျှောက်ထားလိုက်သည်။
       တပည့်တော် မရှင်းတာက ကိုရင်ဝတ်တာ တစ်လတောင် မပြည့်သေးတဲ့  တပည့်တော်နဲ့ စကားပြော
တဲ့အခါမှာ ဆရာတော်  အနေနဲ့  မင်း၊  ငါ  ဆိုတဲ့ အသုံးအနှုန်းတွေကို  ထည့်မသုံးပဲ  အရှင်ဘုရား၊ တပည့်
တော်ဆိုတဲ့  အသုံးအနှုန်းလေး တွေကိုပဲ သုံးတာကို  သတိထားမိတယ်ဘုရား၊  အဲ့ဒါနဲ့ပတ်သက်ပြီးတပည့်
တော်က  သိချင်တာပါဘုရား… ဘာဖြစ်လို့  အဲ့သလို သုံးနှုန်းရသလဲ ဆိုတာရယ်၊  အဲ့ဒိလိုမသုံးရင်ဘယ်လို
အပြစ်တွေ  ဖြစ်ပေါ်နိုင်ပြီး၊   သုံးရင်ရော ဘယ်လို အကျိုးတရား  တွေဖြစ်ပေါ်လာနိုင်လဲ   ဆိုတာကိုလဲ သိပါရစေ ဘုရား…..။
ကောင်းပြီကိုရင်သာဂိ…  ဒါဟာမေးသင့်တဲ့  မေးခွန်း  တွေးသင့်တဲ့အတွေးပါ…  တပည့်တော် တို့ကိုဘုရား
သားတော်  လို့ပဲပြောပြော   ရဟန်းသံဃာ  လို့ပဲဆိုဆို   ကြီးမားတဲ့အဖွဲ့အစည်းကြီးတခု  ဆိုတာကိုတော့
ငြင်းလို့မရဘူး။  မြတ်စွာဘုရားဟာ ပရိနိဗ္ဗာန် မစံခင်ကတည်းက  ရဟန်းတွေ  သာမဏေတွေကိုသိက္ခာပုဒ်
တွေ ပညတ်ထားခဲ့တယ်၊  အဲ့ဒိ သိက္ခာပုဒ်တွေကို ဘယ် ရဟန်း သာမဏေ မှလဲလျော့ပြီး ကျင့်လို့မရသလို
ဘယ်  ရဟန်း  သာမဏေ မှလဲ ပိုပြီး ကျင့်စရာမလိုဘူး။  အားလုံးကိုကွက်တိဖြစ်အောင်ပညတ်ခဲ့တယ်။ကြီး
ပွား တိုးတက်ချင်တဲ့   အဖွဲအစည်းတစ်ခု မှာ…အဲ..ဒီနေရာမှာ   ကြီးပွား တိုးတက်တယ် ဆိုတာ  မိမိအဖွဲ့အ
စည်းရဲ့  ရည်ရွယ်ချက် ပန်းတိုင်ကို ရောက်အောင် သွားနိုင်တာကို ဆိုလိုတာပေါ့။   တပည့်တော်တို့သံဃာ့
အဖွဲ့အစည်းကြီးရဲ့ ပန်းတိုင်ရည်ရွယ်ချက်က ဗုဒ္ဓဟောကြားခဲ့တဲ့ တရားတော်တွေကို လေ့လာဖို့၊ကျင့်သုံးဖို့
ပြီးတော့  ကမ္ဘာတဝှမ်းမှာ ရှိနေတဲ့ လူသားတွေကို သိအောင်လုပ်ပေးဖို့၊  ကျင့်ကြံ အားထုတ်နိုင်လာအောင်
လမ်းပြ ကူညီ ဆောင်မ ပေးဖို့ဖြစ်တယ်။  ဒါတွေဟာ လုပ်ဆောင်ရမဲ့အလုပ် တွေဖြစ်တယ်၊အဲ့ဒါတွေကိုလုပ်
ဆောင်မယ်ဆိုရင် နိဗ္ဗာန် သို့မဟုတ်  လောဘ  တဏှာတို့ ချုပ်ငြိမ်းရာ အရပ်ကို ရောက်ရှိကြလိမ့်မယ်။  အဲ့
ဒါကိုပဲ   ငြိမ်းချမ်းရေး  လို့ခေါ်တယ်။  လိုရင်းကို ပြောရရင်တော တပည့်တော်တို့  သံဃာအဖွဲ့အစည်းကြီး
လျှောက်လှမ်းနေတဲ့   ပန်းတိုင်ဟာ  ငြိမ်းချမ်းရေးပန်းတိုင်ဖြစ်တယ်။  အဲ့ဒီ  ငြိမ်းချမ်းရေး  ဆိုတဲ့ ပန်းတိုင်ကို
တပည့်တော် တို့က အဖွဲ့ အစည်းနဲ့ ချီတက်ကြမှာ။  အဲ့ဒိလို  ချီတက်တဲ့နေရာမှာညီညွတ်ဖို့လိုတယ်၊  ငြိမ်း
ချမ်းရေး  ခရီးကို လျှောက်လှမ်းမှာ  ဖြစ်တဲ့အတွက်  ငြိမ်းငြိမ်းချမ်းချမ်း နဲ့လဲ   လျှောက်လှမ်းကြဖို့ လို့တယ်။
အဲ့ဒိလို   ငြိမ်းချမ်းရေးခရီးကို   ညီညီညွတ်ညွတ်    ငြိမ်းငြိမ်းချမ်းချမ်းနဲ့ လျှောက်လှမ်းနိုင်ဖို့ အတွက် သံဃာ့
ချီတက်ကြတဲ့ အခါမှာလဲ ငြိမ်းချမ်းရေး လမ်းစဉ်တွေ မပျောက်ပျက်ဖို့ လိုအပ်တယ်   ဟုပြောရင်း   လျှပ်တ
ပြက်    တိုက်ခတ်လာသော ခပ်ကြမ်းကြမ်း လေကလေး ကို ခံစားရင်း အဆုံးမရှိ ကျယ်ပြန့်လှသောအဇဋာ
ကောင်းကင်ပြင်ကြီးကို တချက် မော့ကြည့် လိုက်သည်။
ဒါဆိုရင် အဲ့ဒိ   ငြိမ်းချမ်းရေးလမ်းစဉ်  ဆိုတာ  ဘာတွေလဲဘုရား ...ကိုရင်သာဂိ   ကစိတ်ဝင်တစားဖြတ်မေး
လိုက်သည်။
ငြိမ်းချမ်းရေး လမ်းစဉ် ဆိုတာ မြတ်စွာဘုရား ဟောကြားတော် မူခဲ့တဲ့   တရားတော်တွေအဆုံးအမ တွေပေါ့
အထည်ဒြပ် အားဖြင့်ကြည့်မယ် ဆိုရင်တော့   ပိဋကပ်သုံးပုံ  စာအုပ်တွေပေါ့။အဲ့ဒါကိုပဲသာသနာလို့ခေါ်ကြ
တာပါပဲ။    သာသနာဆိုတာ ကွယ်ပျောက်သွားရင် ငြိမ်းချမ်းရေး လမ်းစဉ် ကြီး   ကွယ်ပျောက် သွားတာပေါ့ ကိုရင်သာဂိရဲ့..     ငြိမ်းချမ်းရေး လမ်းစဉ်    လို့ခေါ်တဲ့     သာသနာတော်ကြီး  ကွယ်ပျောက်    သွားနိုင်တဲ့
အကြောင်းတရား တွေအများကြီးရှိတယ်။  အဲ့ဒိ အထဲမှာ  အညမညေ အဂါရဝေါ   ဆိုတဲ့ အချက် ကသိပ်ပြီး
တော့အရေးကြီး.. အညမညေ- အချင်းချင်းအပြန်အလှန်၊  အဂါရဝေါ- မရိုမသေ မခန့်လေးစားလုပ်မယ် ဆို
ရင် သာသနာ ကွယ်နိုင်တယ်၊    ငြိမ်းချမ်းရေး လမ်းစဉ်ကြီး  ပျောက်ပျက် သွားနိုင်တယ်၊  လမ်းစဉ် ပျောက်မှ
တော့   အဖွဲ့အစည်း ဆိုတာကြီးလဲ ရှိမှာ မဟုတ်တော့ဘူး၊    အဖွဲ့အစည်း မရှိတော့ဘူးဆိုမှတော့ပန်းတိုင်
တွေ    ရည်ရွယ်ချက်တွေလဲ    ဘယ်ရောက်နိုင်တော့မလဲ    ကိုရင်သာဂိရဲ့၊    အဖွဲ့ အစည်း  တခုအတွက်
ပန်းတိုင်  ပျောက်တာ ဟာ အရှုံးပေါ်တာပဲကိုရင်..။
ဆရာတော်၏  စကားအဆုံး၌  ကိုရင်သာဂိ အတွက်   တွေးတောစရာများ   မေးမြန်စရာများ...  ဆက်လက်
ဆွေးနွေးစရာ များသည် များသည်ထက် များလာခဲ့သည်။ သို့သော် ဆရာတော်ကပင် ဆက်လက်  မိန့်ကြားနေသဖြင့်  ငြိမ်ပြီး နားထောင်နေသည်။
        အဲ့ဒိလို ကိုယ့်ရဲ့မရိုမသေ မခန့်လေးစားလုပ်လိုက်တဲ့ အချက်လေး တချက်ကြောင့်ကမ္ဘာလောကကြီး
တခုလုံး အတွက် ဘုရားရှင် ပေးသနား တော်မူခဲ့တဲ့   အဆုံးအမ၊   သာသနာ၊  ငြိမ်းချမ်းရေးလမ်းစဉ်ကြီးက
ပျောက်ကွယ်  သွားမှာတော့ မဟုတ်ဘူး။   ဒါပေမဲ့…     ကိုယ်လို လူတွေ များလာရင် ပျောက်ကွယ် သွားနိုင်
တယ်။  ပြီးတော့ အဲ့ဒိလို  ငြိမ်းချမ်းရေးနဲ့  ဝေးရာဝေးကြောင်းလုပ်တဲ့ လူထဲမှာလဲ ကိုယ့်ကိုယ်ကိုမပါအောင်
ကြိုးစားရမယ်။  မလုပ်နိုင်တဲ့ လူကိုတော့ သာသနာဖျက် လို့ခေါ်တယ်။
         ကိုယ်က အသေးအမွှား ဟု ထင်မှတ်ထားသော အရာလေးဟာ သာသနာဖျက်တယောက်ဖြစ်နိုင်တဲ့
အနေအထား  ထိတောင်ရှိနေပါလား ဟု တွေးပြီး  ကြက်သီးမွေးညင်းများ ပင်ထမိသည်။  ထို့နောက်ဆရာ
တော်က ဆက်လက်မိန့်ကြားသည်။
         ကိုရင်သာဂိဟာ အခုချိန်မှာ ငယ်ရွယ်သေးတဲ့ သူတယောက်ဖြစ်တဲ့အတွက်  နောက်ဆယ်နှစ်အနှစ်
နှစ်ဆယ်  စသည်မှာ လူ့  အဖွဲ့အစည်း ထဲ    လူသားတယောက်ရဲ့  တာဝန် တွေကို    ထမ်းဆောင်ရလိမ့်
မယ်။   အဲ့ဒိ အချိန်မှာ ကိုရင်သာဂိဟာ    သံဃာ့အဖွဲ့အစည်း  ဝင်တဦးလဲဖြစ်ကောင်း  ဖြစ်မယ်၊  တခြား
လူမှု အဖွဲ့အစည်း ဝင်တဦး လဲဖြစ်ရင်ဖြစ်လာလိမ့်မယ်။   အဖွဲ့အစည်းဆိုတာကြီးနဲ့  ဘယ်လိုမှကင်းလို့မ
ရတဲ့သူ တယောက် ဖြစ်လာလိမ့်မယ် လို့ဆိုလိုတာပေါ့။ ခေါင်းဆောင် နေရာ မှာလဲ ရှိချင် ရှိနိုင် သလို နောက်လိုက်ငယ်သားတယောက်ရဲ့ နေရာမှာလဲရှိနိုင်တယ်။  နေရာဆိုတာကတော့ကိုရင့်ရဲ့အများအ
ပေါ်   ဘယ်လောက် စွန့်လွှတ်နိုင်သလဲ…  ဘယ်လောက် အကျိုးတရား ပြီးမြောက်အောင်   ဆောင်ရွက်နိုင်
သလဲ… ပန်းတိုင် ကိုမြန်မြန်ရောက်အောင် ဘယ်လို လျှောက်လှမ်း နိုင်သလဲ ဆိုတဲ့အချက် ပေါ်မှာပဲ မူတည်
နေတယ်။  တပည်တော် ကိုရင်နဲ့ စကားပြောတိုင်း  ဟေ့ကောင်သာဂိ လို့မခေါ်တာဟာ ကိုရင့်ကိုတလေး
တစား ဆက်ဆံတာ၊  အဲ့ဒါကို  ဂါရဝတရား လို့ခေါ်တယ်။  ကိုယ်ကိုယ်ကို   တပည့်တော် လို့ ပြောတာဟာ
ကိုယ်ကိုယ်ကို နှိမ်ချတာ၊  အဲ့ဒါကို   နိဝါတ လို့ခေါ်တယ်။  ကိုရင်သိတဲ့အတိုင်းပဲ ဂါရဝ နဲ့နိဝါတဆိုတာဟာ
ဗုဒ္ဓရဲ့ မင်္ဂလာတရားတော်နဲ့ အညီဖြစ်တဲ့အတွက် ကောင်းကျိုးတရား ကိုပဲဖြစ်ပေါ်စေနိုင်တယ်။  ဂါရဝတရား
ကင်းတဲ့ ပုဂ္ဂိုလ်ဟာ သူများကိုမခန့်လေးစားဆက်ဆံတယ်၊  ကိုယ့်ကိုယ်ကိုပဲအထင်ကြီးတယ်။ နိဝါတတရား
ကင်းတဲ့လူဆိုတာကလဲ   ငါသိ  ငါတတ်  ငါသာမြတ်   ဆိုပြီး   ဆရာကြီး ဂိုက်ဖမ်းတယ်။  အဲ့ဒိလိုလူမျိုးဟာ
ဘယ် အဖွဲ့အစည်း ကိုမှ အောင်မြင် ပေါက်ရောက်အောင် မလုပ်ပေးနိုင်ဘူး၊  ပန်းတိုင် ကိုရောက်အောင်မချီ
တက်နိုင်ဘူး၊    အဖွဲအစည်း တခု   မအောင်မြင်ဘူး    မပေါက်ရောက်ဘူး၊    မတိုးတက်ဘူး၊ ပန်းတိုင်ကိုမ
ရောက်သေးဘူး  ဆိုတာဟာ  အဲ့ဒိလို  ကိုယ့်ကိုယ်ကို အထင်ကြီးတဲ့လူတွေ၊  သူတပါးကိုအထင်သေးတဲ့လူ
တွေများနေလို့ပဲ။  အဲဒိလို လူတွေ များနေတော့ လူတိုင်းက  ငါသာလျှင် အကြီးအကဲဖြစ်သင့်တယ်၊  ငါသာ
လျှင်  သူတို့ ထက်တတ်တယ်၊  ငါသာလျှင် ဒီရာထူးနဲ့ထိုက်တန်တယ် ထင်လာတော့တယ်။  အဲ့ဒိလိုအချင်း
ချင်း  နေရာလုကြ၊  စော်ကားကြ၊  သူ့ထက်ငါ  ပါဝါတွေ  ပြကြနဲ့  တဖြည်းဖြည်းနဲ့   အချင်းချင်းကို   ရန်သူ
တွေလို့ မြင်လာတယ်။    ဗုဒ္ဓအဖွဲ့ အစည်း ဆိုတာက အပြိုင်အဆိုင် မရှိလို့ ထားပါတော့၊ လူလောကထဲက
အဖွဲ့အစည်း တွေမှာဆိုရင် အပြိုင်အဆိုင် တွေသိပ်ပေါတယ်။  အပြိုင်အဆိုင် လဲလုပ်ကိုလုပ်နေရတာ။ ဒါပေ
မဲ့   ကိုယ့်အဖွဲ့အစည်း ထဲမှာတင် အချင်းချင်း   ပြိုင်ဆိုင်  ထုနှက်နေရတော့ တခြား အဖွဲ့ကိုလဲ အကြိမ်ကြိမ်
အရှုံးပေးနေရသလို၊  ကိုယ့်အဖွဲ့ တွေဟာလဲ အစိပ်စိပ် အမွှာမွှာတွေ  ဖြစ်နဲ့ နောက်ဆုံးပန်းတိုင်ဆိုတာဘာ
မှန်းကိုမသိကြတော့ဘူး  ဖြစ်ကုန်တော့တာပဲ   ကိုရင်သာဂိရေ…။  အဲ့ဒိတော့   အချင်းချင်း  အပြန်အလှန်ရို
သေလေးစားမှု ဆိုတာဟာ နေရာတကာမှာ သိပ်အရေးကြီးတဲ့အချက်ပဲ ဖြစ်တယ်ကွဲ့။
            ကိုရင်သာဂိ၏ စိတ်ထဲတွင် မရှင်းမလင်းဖြစ်နေသော အရာများသည် ဆရာတော်၏စိတ်ရှည်လက်
ရှည် စေတနာ  ထားရှင်းပြမှုကြောင့်ကျေနပ်မှု  အတိုင်းအတာတခု  အထိရောက်ရှိခဲ့သည်။   ဆက်မေးစရာ
မေးခွန်း  လဲမရှိတော့ပြီဖြစ်၍   ငြိမ်လျှက်ပင် နေလိုက်သည်။  ဆရာတော်က ဆက်လက်    မိန့်ကြားသည်။
ယဉ်ကျေးမှု  ဆိုတဲ့ စကားလုံး ကို  ကိုရင်  ဘယ်လိုနားလည်ထားလဲ ဆိုတာနည်းနည်း  ပြောပြကြည့်ပါလား
တပည့်တော် နားလည် သလောက်ကတော့  ယဉ်ကျေးမှု  ဆိုတာ….ဟု ပြောပြီး  ဘယ်လိုစကားလုံးဝေါဟာ
ရ များကို သုံးနှုန်း ပြောဆိုရမည်ကို မသိသဖြင့် မဆက်နိုင်ပဲရှိနေ၏။  ဆရာတော်ကလည်းအချိန်အတန်ကြာ
သည်အထိ စဉ်းစားခွင့်ပြုထား၏။  ဘာတစ်ခွန်းမှ ဝင်ရောက် ပြောဆို ထောက်ပေးခြင်း မရှိသေး။  ယဉ်ကျေး
မှုဆိုတာ…..   ဟုပြောပြီး   မဆက်နိုင်ဘဲ ရှိပြန်၏။   ထိုအခါ    ဆရာတော်က ဟုတ်တယ်…ကိုရင်..တပည့်
တော်တို့  ကိုရင့်အရွယ်  ဆယ့်ငါးနှစ်လောက်တုန်းက   ယဉ်ကျေးမှု  ဆိုတာ ဘာလဲ ဆိုတဲ့    မေးခွန်းမျိုးကို
တောင် မစဉ်းစားဘူးသေးပါဘူး၊  ကိုရင်က စဉ်းစားနေပြီ  ဆိုတော့    တပည့်တော်ထက်သာတာပေါု့…ယဉ်
ကျေးမှု  ဆိုတာထက်   ယဉ်ကျေးတယ်ဆိုတာ ဘာလဲ ဆိုတာကိုအရင်စဉ်းစားသင့်တယ်…ယဉ်ကျေးတယ်
ဆိုတာ   ဘာလဲ…  တပည့်တော်အမြင်တော့  ယဉ်ကျေးတယ်ဆိုတာ လူတကာချစ်ခင် မြတ်နိုးသွားအောင်
ပြောဆိုနိုင်တာ၊  ပြောဆိုတတ်တာ၊  ပြောဆိုလေ့ရှိတာ  ကို  ယဉ်ကျေးတယ် လို့ထင်တာပဲ…တကယ်တော့
ယဉ်ကျေးမှု ဆိုတာ ယဉ်ကျေးတဲ့အမှု  ကို  ယဉ်ကျေးမှု  ပဲလို လွယ်လွယ် အဓိပ္ပါယ်ဖွင့်ရင်တော့  အင်းဟုတ်
ပေသားပဲလို့  လက္ခံကြမှာ ဖြစ်ပေမဲ့..  ယဉ်ကျေးတယ်  ဆိုတာ ဘာလဲ ဆိုရင် အဓိပ္ပါယ်ဆက်ဖွင့်ဖို့အတော်
ခတ်တယ်. .အဲ့ဒိတော့  ယဉ်ကျေးတယ်  ဆိုတာကို တပည့်တော်ကတော့မင်္ဂလာတရားသုံးဆယ့်ရှစ်ပါးနဲ့အ
ညီ  နေထိုင်  ကျင့်ကြံ  ပြောဆိုခြင်း လို့အဓိပ္ပါယ်ဖွင့်ဆိုချင်တယ်..ဟုမိန့်ပြီး ကိုရင်သာဂိဘာပြန်ပြောမည်ကို
အကဲခတ်လိုက်သည်။
          ကိုရင်သာဂိက  ဒါဆိုရင် ယဉ်ကျေးမှု အမွေအနှစ် ဆိုတာတွေကို  ဘယ်သွားထားမလဲဘုရား…ရိုးရာ
ဝတ်စုံတွေ၊  ရိုးရာ ဂီတတွေ၊  ရိုးရာအစားအသောက်  တွေကရော ဘယ်လို ပတ်သက်  ဆက်နွယ်မှုရှိတော့
မလဲဘုရား…  သုံးဆယ့်ရှစ်ဖြာမင်္ဂလာ  ထဲမှာ အဲ့ဒိအရာတွေ   မပါဘူးဘုရား…ဆရာတော် မိန့်နေတာတွေ
နဲ့  တပည့်တော်   စဉ်းစားနေတာ  တွေနဲ့က  နည်းနည်း အံချော်နေသလို ခံစားရတယ်ဘုရား  ဟုလျှောက်
လိုက်သည်။
         ဟုတ်ပါတယ်.. ကိုရင် ပြောတာလဲ   မှန်သင့်သလောက် မှန်ပါတယ်…တကယ်တော့တပည့်တော်လဲ
ယဉ်ကျေးတယ်  ဆိုတာဘာလဲ  ယဉ်ကျေးမှု  ဆိုတာဘာလဲ၊  ယဉ်ကျေးမှု  အမွေအနှစ်  ဆိုတာ  ဘာလဲလို့
အသေအချာ မလေ့လာမိခဲ့ပါဘူး..ဒါပေမဲ့.  ယဉ်ကျေးတဲ့အမှု  ကို   ယဉ်ကျေးမှု လို့ခေါ်တယ်ဆိုတဲ့အဓိပ္ပါယ်
ဖွင့်ဆိုချက်လောက်နဲ့လဲ အားရ တင်းတိမ်မှု မရှိဘူး…အခြား လက်လှမ်းမှီ သလောက်စာအုပ်စာပေတွေမှာ
လေ့လာပြန်တော့လဲ အဲ့ဒါတွေရဲ့    အဓိပ္ပါယ် အတိအကျကို  မတွေ့ခဲ့ဘူး..တပည့်တော်ရဲ့  လေ့လာမှုအား
နည်းတာကြောင့် လဲဖြစ်နိုင်တယ်.. ဒါပေမဲ့  တပည့်တော်ရဲ့ အမြင်အရတော့   ယဉ်ကျေးမှုဆိုတာ သူ့အရပ်
သူ့ဒေသအလျှောက်  သူ့ယဉ်ကျေးမှုနဲ့  သူရှိခဲ့ကြတယ်…ပြောဆိုဆက်ဆံနေထိုင်မှုပုံစံ    လို့ဆိုရမှာပေါ့…
အဲ့ဒိဒေသ  လူနေမှု၊  ဆက်ဆံမှု၊  ပြောဆိုမူ၊  လူနေမှုစနစ်နဲ့  လူချစ်လူခင်   ပေါများအောင်ပြုမူနေထိုင်ခြင်း၊
လူတကာ လက်ခံနိုင်အောင် ပြောဆိုဆက်ဆံနေထိုင်ခြင်း ကိုပဲ  ယဉ်ကျေးတယ်လို့ခေါ်တယ်ထင်တာပဲ….
အဲ့ဒိတော့  ဘယ်အရပ်  ဘယ်ဒေသ  ဘယ်နိုင်ငံမှာ ဘယ်လို နေထိုင်ပြုမူ ပြောဆိုဆက်ဆံကြတယ်ဆိုတာ
ကိုတော့  တပည့်တော် မသိဘူး…တပည့်တော်တို့   နိုင်ငံမှာတော့ မင်္ဂလာတရား  သုံးဆယ့်ရှစ်ပါး နဲ့အညီ
ပြောဆို ဆက်ဆံ နေထိုင်တာကို    ယဉ်ကျေးတယ် လို့ဆိုကြတာပဲ…. အဲ့ဒိ  သုံးဆယ့်ရှစ်ပါးထဲမှာလဲဂါရဝ
နဲ့  နိဝါတ  ဟာပိုပြီးတော့ လေးနက်နေပြန်တယ်။  လိုရင်းကိုချုံ့ပြီး ပြောရရင်တော့  ယဉ်ကျေးတယ် ဆိုတာ
မင်္ဂလာတရားနဲ့ အညီပြုမူပြောဆို နေထိုင်ခြင်း၊  ယဉ်ကျေးမှု အမွေအနှစ်ဆိုတာ ရှေးဘိုးဘွားဘီဘင် လက်
ထက် ကတည်းက ထိမ်းသိမ်း စောင့်ရှောက်ခဲ့တဲ့  စာပေ၊ ဂီတ၊ အနုပညာ၊ အဝတ်အထည်၊အဆောက်အဦး
တွေပဲ၊ ယဉ်ကျေးမှုဆိုတာကတော့ ရှေ့မှာပြောခဲ့တာတွေအားလုံးကိုချုံပြောလိုက်တာပဲ..အဲ့ဒိတော့ ယဉ်ကျေးမှု  ဆိုတဲ့စကားလုံးရဲ့အဓိပ္ပါယ်ဟာ သိပ်ကို နက်နဲတယ်၊  ဖွင့်ဆိုဖို့ ခက်ခဲတယ်၊  လိုက်နာကျင့်သုံး
ဖို့ထိန်းသိမ်းဖို့ပိုပြီးတော့ခက်ခဲတယ်။
        ဒါဆိုရင်  တပည့်တော်တို့ ငယ်ငယ်က သင်ခဲ့ရတဲ့    မိဦးဖဦးဆရာ့ဦးကို ခူး၍အလျင်မစားနှင့် ဆိုတာ
တွေကရောဘုရား၊ အဲ့ဒါတွေကလည်း  ဆရာတော်မိန့်ခဲ့တဲ့ မင်္ဂလာတရား  သုံးဆယ့်ရှစ်ပါး     ထဲမှာမပါပါ
လားဘုရား…။
        ဟုတ်တယ်…ကိုရင်..ကိုရင်ပြောတာ သိပ်မှန်တာပေါ့…တပည့်တော်တို့လူမျိုး၊  ဓလေ့ ထုံးတမ်း အစဉ်
အလာဟာ သိပ်ပြီးတော့   နူးညံ့  သိမ်မွေတယ် လို့ပြောရမယ်…။  တခုတော့  တပည့်တော်တို့စဉ်းစားလို့
ရတယ်။  ယဉ်ကျေးတယ်  ဆိုတာ သူ့အရပ် သူ့ဒေသအလိုက်  သူ့ထုံးတမ်း  အစဉ်အလာအလိုက် ကွဲပြား
မှု ရှိတယ် ဆိုတာရယ်၊   အဲ့ဒိလို လူကြီးသူမ လူပညာရှိတို့ရဲ့အဆုံးအမ  သြဝါဒတွေ  ရှိနေတာကပဲတပည့်
တော်တို့လူမျိုးတွေကို ပိုမိုယဉ်ကျေးစေတယ် ဆိုတာပါပဲ။
          တင်ပါဘုရား .အဲ့ဒိလောက်ဆိုရင် ယဉ်ကျေးမှုဆိုတဲ့ အဓိပ္ပါယ်ကို တပည့်တော်မှန်းဆနိုင်ပါပြီဘုရား။
ဆက်လက်ရေးသားပါဦးမည်။ ........................ရေးသားသူ။   ။တီအာဝိုင်
No comments:
Post a Comment