Wednesday, August 20, 2014
ခင်သာဇာတိ မောင်သာဂိ(၁၁)
အခန်း(၁၁)မော်နီတာ သီတာဦး
 "မော်နီတာ လုပ်ချင်တဲ့သူလက်ညှိုးထောင်’’
ဆရာမ ဒေါ်ဖြူဖြူအောင်မှ စာသင်ခန်းအတွင်းရှိ တပည့်များအား ပြောလိုက်ခြင်းဖြစ်သည်။ သီတာဦးက ပထမဦးဆုံး  လက်ညှိုးထောင်လိုက်သည်။   အတန်းသူ အတန်းသားအားလုံးက     အံ့သြသော အကြည့်ဖြင့်ဝိုင်းကြည့်ကြသည်။  အချို့ကလဲ လှောင်ချင်ကြသည်။  အချို့ကလဲ ပြောင်ချင်ကြသည်။   အချို့ကလဲ      ချီးမွမ်းလိုဟန်ရှိကြသည်။   အဘယ်ကြောင့်ဆိုသော်  ၄င်းတို့မှာ  သီတာဦး နှင့်ရှစ်တန်း   ကိုအတူအောင်ခဲ့သူများဖြစ်ပြီး             သီတာဦးမှာအတန်းထဲတွင်အငယ်ဆုံးဖြစ်သည်ကိုအားလုံးလိုလိုက
သိထားကြသောကြောင့်ဖြစ်သည်။သီတာဦး  ကတော့ ထောင်ထားသည့်    လက်ညှိုး ကိုပြန်မချသေးဘဲ  ဆရာမကိုသာ  မျက်နှာမူထားသည်။ကြည်လင်ခြင်း၊  ရဲရင့်ခြင်း၊  တည်ငြိမ်ခြင်း   တို့ကအပြည့်။   ခဏအကြာတွင် ကိုးတန်းကို တစ်နှစ်ကျပြီးသူနိုင်လင်းကထပ်ထောင်လိုက်သည်။
                           ဆရာမက "ကဲမော်နီတာ လုပ်ချင်တဲ့သူ ဒီနှစ်ယောက်ပဲလား၊ တခြား ဘယ်သူ ရှိသေး လဲ"  ဟုမေးသည်။အားလုံးက ဆိပ်ဆိပ်နေသဖြင့်ဆရာမက ဆက်လက်၍..        "သမီးက လက်ညှိုး အရင် ထောင် တယ် ဆိုတော့ ဘာဖြစ်လို့မော်နီတာလုပ်ချင်ရတာလဲ ဆိုတာကို အတန်းဖော် တွေနဲ့  ဆရာမ သိရအောင် ပြောပြလို့ရမလားသီတာဦး"…
                "ဟုတ်ကဲ့..ဆရာမ…သမီးအနေနဲ့သူများရဲ့နောက်လိုက်မလုပ်ချင်တာရယ်၊သမီးကိုယ်တိုင်စံပြ တစ်ယောက်အဖြစ်နဲ့ အတန်းဖော် ညီအစ်ကိုမောင်နှမတွေရဲ့အရှေ့မှာနေပြသွားချင်တာ ရယ် ကြောင့် မော်နီတာ လုပ်ချင်တာပါ"ဟုပြောလိုက်သည်။အားလုံးက ကောင်းချီးပေးသည့် အကြည့်များနှင့်ဝိုင်းကြည့်ကြသည်။ဆရာမ ဖြူဖြူအောင်ကလည်း နှစ်လိုအားရသည့်ဟန်အပြည့်။နိုင်လင်း
ကတော့ မသိမသာမျက်နှာတစ်ချက်မဲ့သွားသည်။
                   "ကဲ သားနိုင်လင်း ကရော ဘာကြောင့် မော်နီတာလုပ်ချင်ရတာလဲ…ပြောပြလို့ရမလား"….
                   "ကျနော်က ဒီအတန်းမှာ စာမေးပွဲတစ်နှစ်ကျပြီးသားဆိုတော့ လူဟောင်းလဲ လူဟောင်းဖြစ်သလိုအသက်လဲကြီးတယ်၊အဲ့ဒိအတွက်မော်နီတာဖြစ်သင့်တယ်ထင်လို့ပါ"…အားလုံးကနှာခေါင်းရှုံ့ကြသည်။့အချို့ကအသက်ကြီးတိုင်းလူကြီးလုပ်လို့ရကြေးလားဟုတွေးကြသည်။အချိုကလဲကိုယ့်ဘာသာညံ့လို့စာမေးပွဲကျတာကိုပဲသူများအပေါ်အသားယူပြီးခေါင်းဆောင်ချင်သေးတယ်ဟုတွေးကြသည်။
                  "အခုလို အတန်းသူအတန်းသားတွေအပေါ်စေတနာထားပြီး ဦးဆောင်ဦးရွက် လုပ်ပေး ချင်တဲ့သားကိုရော သမီးကိုပါ ဆရာမ ကျေးဇူးတင်ပါတယ်၊ခေါင်းဆောင်ဆိုတဲ့တာဝန်ကိုယူရဲတဲ့သူဟာအင်မတန်မှရှားပါးပါတယ်၊အခုလိုအတန်းသူ အတန်းသားတွေအများကြီးထဲမှာမှ ခေါင်းဆောင်မော်နီတာ ဆိုတဲ့ တာဝန်ကိုယူရဲတဲ့သူဟာနှစ်ယောက်ပဲရှိတယ်မဟုတ်လားတပည့်တို့"…
                   "ဟုတ်.ပါ.တယ်.ဆရာ….မ"
                   နောက်ဆုံးအတန်းမှ အကောင်ကြီးကြီးနှင့်ခပ်ပျော်ပျော်ခပ်နောက်နောက်နေတတ်သည့် အောင်ဦးက ကျယ်လောင်သောအသံဖြင့် တစ်လုံးဆီပြော၍ထောက်ခံလိုက်ခြင်းဖြစ်သည်။
                   "မင်းကရော လူကောင်ကြီးပြီး ဘာဖြစ်လို့မော်နီတာမလုပ်ချင်ရတာလဲအောင်ဦး ပြောစမ်း ပါဦး"..ဟုဆရာမက အနောက်တဝက်မျက်နှာနှင့်မေးလိုက်သည်။
                    "ဆရာမကလဲ အကောင်ကြီးတိုင်းအသုံးကျမယ် ဆိုရင် သားတို့တိုင်းပြည်မှာဆင်ကိုပဲ ဘု ရင်  ခန့်ထားမှပေါ့ဆရာမရဲ့"….ဟူသော အောင်ဦး၏နှစ်လိုဖွယ်ပြောင်ချော်ချော် အဖြေစကားကြောင့် တစ်တန်းလုံးဝိုင်းရယ်ကြသည်။ရယ်သံများတိတ်သွားသောအခါတွင် လူကောင်အသေးညှပ်ဆုံး ဇေယျာ လင်း က "မင်းမဆိုးဘူး ကိုယ့်အကြောင်းကိုယ်သိတယ်"..ဟုဝင်ထောက်လိုက်၍ တစ်တန်းလုံးအူမြူး၍ ပွဲကျသွားပြန်သည်။
                     "အခန်းတစ်ခန်းမှာ မော်နီတာဆိုတာ နှစ်ယောက်ထားလို့မဖြစ်ဘူးကွဲ့ ၊မော်နီတာ က တစ် ယောက်ပဲဖြစ်ခွင့်ရှိတယ်၊ဒီတော့ ဘယ်သူဟာမော်နီတာဖြစ်သင့်သလဲဆိုတာကိုမဲခွဲပြီးဆုံးဖြတ်မယ် ၊အဲ့ဒိအစီိအစဉ်ကိုသားတိုကသမီးတို့လက်ခံကြလား" ဟုဆရာမက မေးသည်။အတန်းသား အားလုံးက လက္ခံကြောင်း ပြောကြသည်။
                    "ဟုတ်ပြီ..သားတို့သမီးတို့လက်ခံတယ်ဆိုရင် ဆရာမရဲ့အစီအစဉ်စပါမယ်… သီတာဦးနဲ့နိုင်လင်းပြီးတော့အောင်ဦးနဲ့ဇေယျာလင်းပေါင်းလေးယောက်ကလွဲပြီးကျန်တဲ့သူအားလုံးမိမိကြိုက်နှစ်သက်တဲ့မော်နီတာလောင်းရဲ့နာမည်ကိုရေးပြီးဒီပုန်းလေးထဲလာထည့်ကြပါ"..ဟုပြောရင်း ခုန်ပေါ်ရှိ မြေဖြူပုန်းခွန် အလွတ်လေးကို လက်ညှိုးထိုးပြလိုက်သည်။
                    "သားတို့ကဘာဖြစ်လို့မပါတာလဲဆရာမ"ဟု အောင်ဦးကထမေးသည်။
                    "အတန်းထဲမှာမော်နီတာမရှိသေးခင် မင်းနဲ့ဇေယျာလင်းကို ယာယီလူကြီး ခန့်ထား မလို့ ပါ ကွယ့်"…..အတန်းသူ အတန်းသားအားလုံးမှ မိမိကြိုက်နှစ်သက်သည့်လူနာမည်ကိုရေး၍ ဆရာမညွှန်ပြထားသည့် မြေဖြူဗူးခွန်လေးထဲသို့လာထည့်ကြသည်။
                    "အောင်ဦးနဲ့ဇေယျာလင်း အတန်းပြင်ကိုခဏထွက်ခဲ့ပါ" ဟုဆရာမကပြောလိုက်၍ ၄င်းတို့ နှစ်ဦးအတန်းပြင်သို့ရောက်လာသည်။ဆရာမက၄င်းတို့အား မဲ့စာရွက်လိပ်များကို ရေတွက် ခိုင်း လိုက် သည်။ဘယ်သူ့နာမည်ဘယ်နှစ်ယောက်ဆိုတာကို အတိအကျခွဲထုတ်ခိုင်းသည်။ထို့နောက် ဆရာမ၏ ညွှန်ကြားချက်အရ.."သီတာဦးကို ထောက်ခံသူ ၆၁ယောက်ဖြစ်ပါတယ်၊နိုင်လင်းကိုထောက်ခံသူ ၂ယောက်ဖြစ်ပါတယ်၊အဲ့ဒိအတွက်အခုချိန်ကစပြီး သီတာဦးက ဒီအခန်းရဲ့မော်နီတာဖြစ်သွားပါပြီ". .ဟုအောင်ဦးက ကြေငြာလိုက်သည်။နိုင်လင်းရဲ့မျက်နှာရှုံမဲ့သွားပြီးတခန်းလုံးကိုမကျေနပ်သည့် မျက်လုံးအစုံဖြင့်ကြည့်ပြစ်လိုက်သည်ကိုမည်သူမှမသိလိုက်။ သီတာဦးအနိုင်ရသည့်အတွက် အားလုံးက လက်ခုတ်ဝိုင်းတီးလိုက်ကြသည်။လက်ခုတ်သံများ ငြိမ်သွားချိန်တွင် သီတာဦးက .."ဟောဒိ အခန်းထဲမှာရှိတဲ့ သူငယ်ချင်းတွေအားလုံး နားမလည်တဲ့စာရှိရင်သမီးကို မေးလို့ရပါတယ်၊ကျောင်းတက်ရင်း တစုံတရာ အခက်အခဲရှိရင်လဲသမီးဆီမှာ အကူအညီတောင်းနိုင်ပါတယ်" ဟု ပြောလိုက်သည်။နိုင်လင်းကတော့ ရှက်ရှက်နှင့် ‘’ဆရာမ’’ ဟုအော်ခေါ်ပြီး လက်ညှိုးတစ်ချောင်းထောင်ပြ၍ အခန်းပြင်သို့ ထွက်သွားပါတော့သည်။
                      "အမေ သမီး ဒီနေ့ကျောင်းမှာ မော်နီတာ ရာထူးရခဲ့တယ် အမေ" အိမ်ပြန်ရောက် ရောက်ချင်း မိခင်ဖြစ်သူ ဒေါ်သီအား အားရပါးရကြွားလိုက်သည်။
                        "ဟုတ်လား သမီးလေးရဲ့" ဒေါ်သီမှ သီတာဦး၏ အောင်မြင်မှု တစ်ခုဟု ယူဆဟန်ရှိပြီး အား ရ ဂုဏ်ယူစွာပြောဆိုလိုက်ခြင်းကို အားပေးနှင့်သိမ့်လို၍ပြောလိုက်ခြင်းဖြစ်သည်။မှန်ပါသည်။ သီတာဦးသည် ငါးတန်းနှစ်ကတည်းကပင် အတန်းထဲတွင်မော်နီတာ လုပ်ချင်ခဲ့ခြင်းဖြစ်သည်။ သို့သော် ရှေးအဆက်ဆက်ဆရာ ဆရာမတိုင်းက မဲစနစ်ဖြင့် မော်နီတာရွေးချယ်ခဲ့ခြင်းမဟုတ်ပဲ သူတို့ ခန့်ချင် သူကိုသာ မော်နီတာခန့်ခဲ့ခြင်းကြောင့် သီတာဦးအတွက် အခွင့်အရေး မရခဲ့ပေ။ "ဘာဖြစ်လို့မော်နီတာလုပ်ချင်ရတာလဲ" ဟု ဒေါ်သီကမေးသည့်အခါတိုင်းတွင် လဲ "သမီးမော်နီတာဖြစ်တော့သမီးရဲ့စေတနာနဲ့အစွမ်းအစကို ကျောင်သားကျောင်းသူတွေ အားလုံးကိုပြလို့ရတာပေါ့အမေရဲ့" ဟု ပြော ခဲ့ သည်။
                     "မော်နီတာမဖြစ်လဲ သမီးရဲ့စေတနာနဲ့အစွမ်းအစကို ပြလို့ရတာပဲမဟုတ်လား၊ သမီး ကိုယ်တိုင်အတန်းတိုင်းမှာ ပထမနဲ့ဒုတိယတစ်ခုခုရခဲ့တာချည်းပဲလေ၊ပြီးတော့ သမီးစာရှင်းပြ ခဲ့လို့ နားလည် သဘောပေါက်ခဲ့ပြီးစာမေးပွဲအောင်ခဲ့တဲ့လူတွေလဲ အများသားပဲသမီးလေးရဲ့" ဟုပြောသည့် အခါ များ တွင်လဲ "သမီးက စာတော်တာတတ်တာလေးနဲ့တင် လူတော်လို့သက်မှတ်ချင်တာမဟုတ်ဘူး အမေရဲ့၊ စာလဲတော်ရမယ်၊ စည်းကမ်းလဲရှိရမယ်၊ ကျောင်းလဲမှန်ရမယ်၊ တခြားအားကစားတွေမှာလဲ ထူးချွန်ထက်မြက် ရမယ်၊ပြီးတော့ ကျမ္မာရေးကိုလဲ လိုက်စားရမယ် စိတ်ဓါတ် ကြံ့ခိုင်မှု လည်းရှိရမယ်၊အဲ့ဒါမျိုးကိုမှသမီးက လူတော်လို့သတ်မှတ်ချင်တာ အမေရဲ့" ဟုပြန်လည် ပြောပြခဲ့ဖူးသည်။
                       "ကဲ သမီးဖြစ်ချင်တဲ့ မော်နီတာဖြစ်ပြီဆိုတော့ သမီးအနေနဲ့ကျောင်းခန်းထဲမှာ ဘာတွေ လုပ်မယ် လို့စိတ်ကူးထားလဲ အမေ့ကိုပြောပြပါဦး"…..
                       "သမီးမော်နီတာဖြစ်ပြီဆိုတော့ ကျောင်းပြေးတဲ့လူတွေကို စာရင်းကောက်ပြီး ဆရာမ တွေ ဆီကို အကြောင်းကြားသတင်းပို့လို့ရပြီ၊ပြီးတော့ ဆရာ ဆရာမတွေ အခန်းထဲမှာ မရှိတဲ့အချိန်မှာ ဆော့ကစားတာတွေ စကားပြောနေတာတွေမလုပ်ပဲစာပဲကြည့်နေဖြစ်အောင်လို့ပြောလို့ ရပြီပေါ့ အမေရဲ့၊ ပြီးတော့ လုပ်လို့ရတာတွေအများကြီးရှိသေးတာပေါ့အမေရယ်၊ဒါပေမဲ့အမေကတော့ သမီးလုပ်ချင်တဲ့ အလုပ်လေး တွေရှိရင်နည်းနည်းပါးပါး မစ ရမယ်နော်..ဟီး"…ဟု မချိုမချဉ်မျက်နှာထားနှင့် အမေကိုကပ်ချွဲ လိုက်သည်။
                      "သမီးကဘာတွေလုပ်မယ်လို့စိတ်ကူးထားလို့လဲ သမီးရဲ့ဆိုစမ်းပါဦး"…
                      "အော် ..ဒီလိုလေ..တချို့ကျောင်းသားတွေက ကျောင်းတက်ရမှာပြင်းတော့ ဗိုက်အောင့် လို့   ခေါင်းကိုက်လို့ ဘာညာနဲ့ အကြောင်းအ မျိုးမျိုးပြပြီး အိမ်ပြန်ချင်ကြတယ်လေ..အဲ့ဒိအခါမျိုးမှာ သမီးက  ဆေးကို အဆင်သင့်ဆောင်ထားပြီးသူတို့ဖြစ်လာခဲ့ရင်တိုက်လို့ရတာပေါ့။ပြီးတော့ တချို့ ကျတော့လဲ ဘောလုံးကန်ခြင်းခပ်နဲ့ဆိုတော့ ပွန်းတာပဲ့တာ အကြောတင်တာတွေရှိ တတ်တယ် လေ၊ အဲ့ဒိအခါမျိုးကျရင် သမီးက ပြုစုပေးလို့ရအောင် ဒါဏ်ကြေဆေးတို့ ပတ်တီးတို့ဆောင်ထားရအောင်ပေါ့" ..ကျောင်းခန်းလေးထဲတွင် မော်နီတာဖြစ်ရခြင်းကိုပင် သူ့ကိုယ်သူနိုင်ငံတော်သမ္မတ စစ်စစ်ဖြစ် ရ ဘိ သကဲ့ သို့ဂုဏ်ယူဝင်ကြွားပြီး ကျောင်းသူကျောင်းသားများအတွက် အဖက်ဖက်ကစဉ်းစားပေးတတ်သော သမီး ကိုကြည့်၍ ကြည်နူးရတော့မလိုလိုပင်ဖြစ်လာသည်။
                 "အဲ့ဒါတွေက မော်နီတာမဟုတ်လဲလုပ်ပေးလို့ရတယ်မဟုတ်လား သမီးရဲ့"..
                 "ရတော့ရတာပေါ့ အမေရယ် ဒါမေမဲ့ဘယ်တူပါ့မလဲ သမီးကအတန်းထဲမှာ မိန်းကလေး လဲ မိန်းကလေး အသက်ကလဲအငယ်ဆုံးဆိုတော့ သူတို့အတန်းထဲမှာ ငြိမ်ငြိမ်မနေပဲ ဆော့တာတို့ စကား များတာ တို့ကိုသွားပြီးဟန့်တားလို့ဘယ်ရမလဲအမေရဲ့"…ဒေါ်သီက ဘာပဲဖြစ်ဖြစ်လေဟုတွေးရင်း ကြုံတုန်းကြုံခိုက်မို့ သမီးကိုပြောပြချင်တာလေးကိုဆက်စပ်အောင်ထည့်ပြောလိုက်ဖို့ ဆုံးဖြတ်လိုက်သည်။ ထို့ကြောင့် "သမီး..ဟောဒိလူ့လောကကြီးထဲမှာလူရယ်လို့ဖြစ်လာရင် မိဘ ဆရာသမား အကြီးအကဲ ဆိုတာ နေရာတိုင်းမှာရှိတယ်သမီး၊ကျောင်းဆိုလဲကျောင်းအလျှောက် ရပ်ကွက်ထဲမှာဆိုရင်လဲ ရပ်ကွက်အလျှောက်၊အသင်းအပင်းအဖွဲ့အစည်းမှာဆိုလဲအသင်းအပင်းအဖွဲ့အစည်းအလျှောက် သူ့နေ ရာနဲ့ သူအကြီးအကဲ၊ခေါင်းဆောင်ဆိုတာရှိတယ် သမီးရဲ့….အဲ့ဒိနေရာမှာ ခေါင်းဆောင်ဆိုတဲ့အရည်အချင်း တစ်ရပ်ကို မပြောခင်ဘယ်လိုလူမျိုးကိုခေါင်းဆောင်မတင်သင့်ဘူးလဲဆိုတာ သမီးကိုပြောပြချင်တယ်…
                 ပြောပါ..အမေ သမီးစိတ်ဝင်စားတယ်…
                 အမေတို့ရဲ့မြန်မာစာပေ ယဉ်ကျေးမှုမှာ …ဂဏန်း၊ပုတ်သင်၊ကိုင်းပင်၊ နွားသိုး၊လိပ်မျိုး၊ခွေးအ ဤခြောက်ဝ နာယက မတင်ထိုက် ..ဆိုတဲ့ဆုံးမစကားတစ်ခုရှိတယ်ကွဲ့…
                အဲ့ဒါက ဘာကိုဆိုလိုတာလဲအမေ…
                နာယကဆိုတာ ခေါင်းဆောင် အကြီးအကဲကိုဆိုလိုတယ်..ခေါင်းဆောင် အကြီးအကဲ မတင် ထိုက် မတင်သင့်တဲ့ လူခြောက်မျိုးပေါ့သမီးရယ်…ဂဏန်းဆိုတာ လက်မကို အမြဲတန်း ထောင်ထားလေ့ ရှိတဲ့သတွါကွဲ့..အဲ့ဒိလိုပဲငါခေါင်းဆောင်ပဲ ငါအကြီးအကဲပဲဆိုပြီး အမြဲတန်းလက်မထောင်ပြီးမာန်မာန တက်နေလေ့ရှိတဲ့လူမျိုးကို ခေါင်းဆောင်မတင်သင့်ဘူးသမီးရဲ့…ဘာကြောင့်လဲဆိုတော့ သူဟာအမြဲတန်း မာန်မာနဆိုတဲ့မကောင်းမှုအကုသိုလ်တရားကဦးစီးဦးဆောင်ပြုနေတဲ့အတွက် ငယ်သားတွေကို အထင်သေး အမြင်သေးနဲ့ဆက်ဆံပြောဆိုပြီး အနိုင်ယူတတ်တယ်ကွဲ့…။ပြီးတော့ ပုတ်သင်ဆိုတဲ့သတွါဟာ ဘယ်သူဘာ ပြောပြော ခေါင်းညိမ့်ပြီးနားထောင်တတ်တဲ့အလေ့အကျင့်ရှိတယ်။အဲ့ဒိလိုပဲ ပုတ်သင်တစ်ကောင်လို ဘေးလူပြောသမျှကို ခေါင်းညိမ့်နားထောင်နေတတ်တဲ့ ခေါင်းဆောင်မျိုးဟာ သူများအမှားပြောလဲ ခေါင်းညိမ့်မယ်မဟုတ်တာပြောလဲ ခေါင်းညိမ့်မယ်ဆိုတော့ အဖွဲ့အစည်းတစ်ခု အသင်းတစ်ရပ် အောင်မြင်အောင်ကြည့်ရှု စောင့်ရှောက်နိုင်မှာမဟုတ်ဘူးသမီးရဲ့    အဲ့ဒိအတွက်ဘယ်လိုအသိုင်းအဝိုင်းအဖွဲ့
အစည်းမှာပဲရောက်ရောက် အဲ့ဒိပုတ်သင်လိုအမြဲခေါင်းညိမ့်နေတဲ့ ခေါင်းဆောင်တွေကို ရှောင်ရှား ရမယ် သမီး….။ကိုင်းပင်ဆိုတာကတော့လေယူရာသိမ်းပြီး ယိမ်းတတ်တဲ့သဘော ရှိတဲ့သစ်ပင်တစ်ပင်ပေါ့ ..အဲ့ဒိကိုင်းပင်လို လေယူရာသိမ်းယိမ်းတတ်တဲ့ခေါင်းဆောင်မျိုးဟာ ကိုယ့်အဖွဲ့သားကိုယ့်ရပ်ကိုယ့်လူမျိုးကို ဘယ်တော့မှကောင်းကျိုးပေးမှာမဟုတ်ပဲ ဟိုလူပြော ဟိုလူဖက်ပါ ဒီလူပြောဒီလူဖက် ပါနဲ့ဖြစ်တတ် တာမို့ ရှောင်ရှားရမဲ့ခေါင်းဆောင်ပေါ့သမီး..။နွားသိုးဆိုတာကတော့ အမြဲတန်း ရှုးရှုးဒိုင်းဒိုင်းနဲ့ဒေါသ ထွက်ပေါက်ကွဲ နေတတ်တဲ့ ခေါင်းဆောင်အကြီးအကဲကိုမျိုးကိုပြောတာပါ။လိပ်မျိုးဆိုတာကတော့ ကိုယ့်ဘက်ကိုယ် ယက်တဲ့ သတွါတမျိုးပဲလေ..ကိုယ်လုပ်တာမှ အမှန် သူများလုပ်ရင် အမှား၊သူ့အတွက်သာ အရေးကြီးတယ်၊တပါးသူအတွက်အရေးမကြီးဘူးဆိုတဲ့ခေါင်းဆောင်မျိုးကိုပြောတာပါ။အဲ့ဒိလိပ်သတွါလိုကိုယ့်ဘက်ကိုယ်ရက်တဲ့ခေါင်းဆောင်မျိုးကိုလဲရှောင်ရမယ်သမီး…။နောက်ဆုံးခွေးအဆိုတာကတောဘယ်သူတွေ ဘာပြောပြောသူ့မှာ ပြန်ပြောနိုင်စွမ်းအတတ်ပညာမရှိဘူး။အမြဲတန်းခွေးအကြီးလှည်းနင်းဆိုတာမျိုးဖြစ်နေတဲ့ ခေါင်းဆောင် မျိုးပေါ့ကွယ်။ဆိုလိုချင်တာက အဲ့ဒိလို ဂဏန်းနဲ့တူတဲ့သူ၊ ပုတ်သင်နဲ့တူတဲ့သူ၊ ကိုင်းပင်နဲ့တူတဲ့သူ၊   နွားသိုးနဲ့တူတဲ့သူ၊   လိပ်နဲ့တူတဲ့သူ၊   ခွေးအနဲ့တူတဲ့သူတွေကို အကြီးအကဲ ခေါင်းဆောင် အဖြစ်တင်ရင် အရှုံးနဲ့သာ ရင်ဆိုင်ရပြီး မိမိပါဒုက္ခရောက်နိုင်တဲ့အတွက်ရှောင်ရှားရမယ်၊နေရာမပေးရဘူးလို့ဆိုလိုတယ်။သမီးကိုယ်တိုင်ကလဲခေါင်းဆောင်ဖြစ်ချင်တဲ့သူတစ်ယောက်ဆိုတာခေါင်းဆောင်တစ်ယောက်ရဲ့အရည်အချင်းဟာ ဘာတွေလဲလို့ထွေထွေထူးထူး မစဉ်းစားသေးပဲ အဲ့ဒိလိုခေါင်းဆောင်ခြောက်မျိုးထဲက တမျိုးမှမဖြစ်အောင် ပထမဆုံး ကျင့်ကြံနေထိုင် ဖို့လိုတယ်သမီး။အမေတို့ရဲ့မြန်မာစာပေမှာလာတဲ့ အညံ့ဖျင်းဆုံးခေါင်းဆောင်နည်း ခြောက်မျိုးကို ရှောင်ကျဉ်နိုင်ရင် နိုင်ငံခြားကလာတဲ့ လီဒါရှစ်သင်တန်းဆိုတာမျိုးကို အထူးသင်ကြား လေ့လာ စရာမလိုတောဘူးပေါ့။အမေတို့ရဲ့ထုံးတန်းဓလေ့ အစဉ်အလာမှာလည်း ဒါမျိုးပညာရပ်တွေဟာ ဟိုးဘိုးဘွားဘီဘင်လက်ထက်ကတည်းက ထင်ထင်ရှားရှားရှိခဲ့ပြီးသားဆိုတာကိုလဲသမီးလေးကို သိစေချင်တယ်လေ"…။
                   "ဟုတ်ကဲ့ပါအမေ….ထုံးစံအတိုင်း အမေ့ရဲ့အမှတ်တရစကားအနေနဲ့ သမီးရဲ့ ဒီမှတ်စု လေးထဲ မှာ ရေးမှတ်ပေးပါလား…သမီးအလွတ်ကျက်ထားမလို့"…ဟုပြောရင်း ဗဟုသုတ မှတ်စု စာအုပ် လေးကို ထိုးပေးလိုက်သည်။
                    "ဒီလိုမှတ်သား စရာတွေကို စာအုပ်ထဲမှာ ရေးမှတ်တဲ့အကျင့်လေးကတော့ ကောင်းတဲ့ အကျင့် ပဲသမီး..ဒါပေမဲ့ စာအုပ်ထဲက စာကို စာအုပ်ထဲမှာပဲထားပြီးလေ့လာခြင်းမှတ်သားခြင်း ကျင့်ကြံခြင်းမရှိဘူးဆိုရင်" …..ဟုပြောရင်းဘာမှဆက်မပြောတော့ပဲ သီတာဦးပေးလိုက်သော မှတ်စု စာအုပ် လေး ထဲတွင်ရေးထည့်ပေးနေသည်။
                     "ဟုတ်ကဲ့အမေ အမေ့သမီးပါ …အမေ့သမီးအကြောင်းအမေသိတယ်မဟုတ်လား"…ဟု ချစ်ခင်နှစ်လိုဖွယ်မျက်နှာထားနှင့် ကလေးလေးတစ်ယောက်လိုပြောရင်းမိခင်လှမ်းပေးသော စာအုပ် ကို တရို တသေလှမ်းယူလိုက်သည်။
                       "ဒီကောင်မလေးကွာ လူကလက်တောက်လောက်လေးနဲ့မော်နီတာလုပ်ချင် နေတယ် …ဘေး ကအရူးတွေကလဲ ဘာမသိ ညာမသိနဲ့ဝိုင်းပြီးထောက်ခံကြတယ်…သူကအတန်းထဲမှာ လုပ်ရမဲ့အလုပ်တွေကို ဘာလုပ်နိုင်မှာမို့လို့လဲ၊ပြီးတော့ အတန်းထဲမှာဖြစ်လာမဲ့ပြဿနာတွေကို သူကဘယ်လိုဖြေရှင်းပေးနိုင်မှာမို့လို့လဲ…တောက်…အဲ့ဒိအရူးမကို ငါမကျေနပ်ဘူး…ကြည့်ထား သူ့ကို
တနည်းနည်းနဲ့အရှက်ကွဲအောင်လုပ်ပြမယ်..’’ ကျောင်းတက်ခေါင်းလောင်းမထိုးခင်ကျောင်းပြင်ပလက်ဖက် ရည်ဆိုင်တွင်ထိုင်နေသော နိုင်လင်းက မော်နီတာ မလုပ်ရသဖြင့် မကျေမချမ်းဖြစ်ပြီးပေါက် ကွဲ နေခြင်း ဖြစ်သည်။
                        ‘’ငါလည်း မင်းဘက်က ထောက်ခံမဲပေးလိုက်တာပါပဲကွာ၊ဒါပေမဲ့သူကမဲအ ပြတ်အသတ် နဲ့နိုင်သွားတော့ ဘာမှမတတ်နိုင်ဘူး’’..ဟု သူငယ်ချင်းဖြစ်သူခိုင်လင်းသိန်း ကပြန်ပြောသည်။
                       ‘’တစ်နေ့မဟုတ်တစ်နေ့ထင်းခွေမကြုံရေခတ်ကြုံဦးမှာပေါ့ကွာ..အဲ့ဒိနေ့ကျရင် ငါ ဘယ် လို  လုပ်မယ်ဆိုတာကို မင်းကြည့်ထားလိုက် ..အခုတော့ကျောင်းတက်ခေါင်းလောင်းထိုးတော့မယ်လာ သွားကြစို့ ‘’ဟုပြောရင်းဘေးခုံတစ်လုံးပေါ်တွင် တင်ထားသောကျောပိုးအိပ်ကို ဆွဲယူရင်း ထထွက်ဖို့ပြင် သည်။ဤသို့ဖြင့်နိုင်လင်းသည် သီတာဦးအာ အညှိုးကြီးညှိုး၍တနေ့မှာ ဘယ်လို တုန့်ပြန်ကာ လက်စား ချေပြီး  အရှက်ကွဲအောင်လုပ်ရမလဲဟုသာ ကြံစည်တွေးတော နေမိသည်။
                      သီတာဦးကလည်း အတန်းသူ အတန်းသားများအား မည်သို့ကူညီ စောင့်ရှောက်ရမည် ကိုသာ စောင့်ကြည့်သည်။ကျောင်းသို့နေ့စဉ်စောစောလာ သည်။သန့်ရှင်းရေးလုပ်သည်။ စာနားမ လည်၍ရှင်းပြရန် ချိန်းဆိုထားသူများကို ကျောင်းသို့စောစောလာရောက်စေ၍ ရှင်းပြသည်။ ကျောင်းသို့လာသောအခါတွင် ဈေး၌ မိမိကြိုက်နှစ်သက်သည့်ပန်းများကိုဝင်ဝယ်၍ ဘုရားပန်းအိုးထိုးခြင်း၊
ဆရာမများ ကျောင်းသူသူငယ်ချင်းများအားပေးခြင်းတို့ကိုပြုလုပ်သည်။၎င်းကိုအခွင့်ကောင်းယူ၍ နိုင်လင်း က သင်္ချာပုစ္ဆာတစ်ပုဒ်နားမလည်၍ ရှင်းပြစေလိုကြောင်းပြောသည်။သီတာဦးကလဲ ထုံးစံ အတိုင်း နံက်စောစောလာရောက်ရန် ပြောလိုက်သည်။သို့နှင့် နိုင်လင်းသည် နေ့စဉ်ပုစ္ဆာတစ်ပုဒ်ကိုယူလာ၍ ရှင်းပြစေသည်။အခြားရှင်းပြစရာ ကျောင်းသားများရှိသောနေ့တွင် သီတာဦး ပို၍စောစော လာရ သည်။နိုင်လင်းကလည်း ၄င်း အစောဆုံးရှင်းပြမည့် အချိန်တွင်လာမည်ဖြစ်ကြောင်းပြောသည်။
                      ‘’သမီးသီတာဦး သမီးတို့အရွယ်ဟာ စာကိုပဲကြိုးစားသင်ယူလေ့လာသင့်တဲ့ အရွယ် ဖြစ်တယ်၊ အခုလို ငယ်ငယ်ရွယ်အချိန်ခါမှာ အချစ်ရေးဆိုတာကိုမစဉ်းစားသင့်ဘူးသမီး၊အဲ့ဒါကို သမီး သဘော ပေါက်လား’’ကျောင်းအုပ်ဆရာကြီးမှ ဘာကြောင့် ဒီလိုစကားမျိုးကို ပြောတယ်ဆိုတာကို သဘောမပေါက်သော်လည်း ‘’ဟုတ်ကဲ့…သမီးသဘောပေါက်ပါတယ် ဆရာကြီး..’’ဟုပင် ပြန်ဖြေလိုက်သည်။
                       ‘’အခုကျောင်းမှာ သမီးနဲ့ပတ်သက်ပြီး သတင်းဆိုးတွေအရမ်းထွက်နေတယ် ဆိုတာ ကို ရော  သမီးသိရဲ့လားသမီး…’’ဆရာကြီး ဘာကြောင့်ဒီလိုစကားတွေကိုပြောနေတယ်ဆိုတာကို စဉ်းစားရခက်နေသဖြင့် ငြိမ်၍နားထောင်နေသည်။
                       "ဆရာတို့ကကျောင်းမှာ ဘယ်ကျောင်းသားက ဘယ်လိုဖြစ်ပြီး ဘယ်ကျောင်းသူက ဘာတွေ လုပ်နေတယ် ဆိုတာကို အမြဲမပြတ် ကြည့်ရှုလေ့လာ စောင့်ကြပ်ပြီးနားထောင်နေတာ သမီးရဲ့…ပြီးတော့ ဆရာတို့ကလည်း ငယ်ရာကကြီးလာတာဆိုတော့ ဘယ်သူက ဘယ်ခြေ လှမ်း လှမ်းနေတယ် ဆိုတာ ကို ဖွင့်မပြောပေမဲ့ အားလုံးကိုသိနေတယ် ဆိုတာသမီးကို နာလည်စေချင်တယ်….
သမီးကစာတော်တဲ့သူလဲဖြစ်တယ်၊ငယ်ငယ်ကတည်းကလဲ အမြဲတန်း ကျောင်းသူ ကျောင်းသား တွေရဲ့ စံပြအဖြစ်နေထိုင်ပြနိုင်ခဲ့လို့ ဆရာတို့ကဂုဏ်ယူတယ်...ဒီတော့သမီးကို ဆရာတို့အထူးဆုံးမ သွန်သင်စရာ လိုမယ် မထင်ဘူး….ဒါကြောင့်သမီးကိုယ့်ကိုယ်ကိုထိမ်းသိမ်းပါလို့ပဲပြောချင်တယ်..ကဲသမီးပြန်နိုင်ပြီး..’’
                         ကိုယ်ကိုယ်တိုင်လဲ ဘာမှမလုပ် ဘာမှလဲ မဖြစ်ဘဲ ဘာကြောင့်ဆရာကြီးက ဒီလို ပြောရတာလဲ ချက်ချင်းမေးလိုက်ချင်သည်။အနည်းဆုံး အကြောင်းအကျိုးလေးတော့ မေးမြန်း သင့်သည် ဟုထင်သည်။ဆရာကြီးအား ဘာကြောင့် ဒီလိုပြောရကြောင်းကို   မေးမြန်းဖို့ကြိုးစား ကြည့်သည်။ သို့သော်..မေး၍လည်းထူးမည်မဟုတ်သဖြင့် ဘာမျှပြန်လည် မေးမြန်းခြင်းမပြုတော့ဘဲ မိမိအခန်းသို့သာ ခေါင်းငိုက်စိုက်၍ပြန်လာသည်။ဆရာကြီး၏ စကားသည် ဘယ်အထိသက်ရောက်နေပြီလဲဟု တွေး၍လည်း ဝမ်းနည်းမျက်ရည်ကျမိသည်။အခန်းတွင်းသို့ပြန်ဝင်ခါနီးတွင် မျက်ရည်များကို သုတ်၍ အံကြိတ် ထားလိုက် သည်။ထမင်းစားချိန်ရောက်တော့ သူငယ်ချင်းဖြစ်သူ မိုးမိုးက "ဟေ့ နင့်ဟာကြီး ထမင်းလာ မတောင်းစားတော့ဘူးလား" ဟုမေးသည်။သီတာဦးမှ ဆရာကြီး၏ပြောစကားများကို နားတွင် အခါခါကြားရောင်၍ စိတ်မကောင်းဖြစ်နေရတဲ့အချိန်တွင် မိုးမိုးက ဤသို့ပြောလိုက်၍ ပိုပြီး အံ့သြ သွားရပြန်သည်။သို့သော် မသိလိုက်ဘာသာဖြင့်ပင် "ဘာလဲဟ ငါ့ဟာကြီးဆိုတာ" ဟုမေးလိုက်သည်။
                       "ဟိုလေ ဟို...နင့်ဘဲကြီးနိုင်လင်းလေ...နင့်ဆီက ထမင်းလာမတောင်းစား တော့ဘူးလား လို့မေးတာပါ."
                      "ကိုနိုင်လင်းကို ငါ့ဟာကြီးပါလို့နင့်ကို ဘယ်သူကပြောတာလဲ"... တည်ငြိမ်စွာ ပင်ပြန် မေးလိုက်သည်။
                      "သီတာဦးတို့ကတော့ ရူးချင်ရောင် ဆောင်ပြီ...ဟိုနေ့ကမှ နိုင်လင်းက နင့်ဆီက ချစ်ခွင့် ပန်လို့ အောင်မြင်တဲ့အထိမ်းအမှတ်နဲ့သူ့သူငယ်ချင်းတွေ အများကြီးကို လက်ဖက်ရည် လိုက်တိုက်လို့ ငါတောင်  စမူဆာ နှစ်ခုစားလိုက်ရသေးတယ်လေ"..သီတာဦးတစ်ယောက် အတော်လေး အတွေးရ ခက် သွားသည်။ဘာတွေဖြစ်ကုန်ပါလိမ့်ဟုလဲတွေးမိသည်။သို့သော်ပြဿနာတစ်ခုကိုချက်ချင်းတုန့်ပြန်ဖြေရှင်း
လေ့မရှိသဖြင့်ဘာမှဆက်မပြောတော့ပဲ မသိဟန်ဆောင်၍ပင်နေလိုက်သည်။ ကျောင်းအုပ်ဆရာကြီးမှ မိမိအားဘာကြောင့်ခေါ်ပြောသည်ကိုလည်း သဘောပေါက်လိုက်သည်။တချို့ပြဿနာတွေက ရှင်းတာထက် စာရင် မရှင်းတာပိုကောင်းတယ် သမီးရဲ့ဟူသော မိခင်၏စကားကို ပြန်လည်ကြား ယောင်မိသည်။ သို့သော်စိတ်ထဲတွင်မခံချင်စိတ်ကြောင့်၎င်းနိုင်လင်းဆိုသူအား ဒါးနှင့် နုတ်နုတ် စင်းပြစ်ချင် စိတ်ပေါက် မိသည်။နိုင်လင်း၏ သီတာဦးအပေါ်ဆက်ဆံမှုမှာလည်း တနေ့ထက်တနေ့ရဲလာသည်။တခါတရံ ဆရာ ဆရာမများ အတန်းထဲသို့မရောက်သေးခင် အခါများတွင် မိမိရှေ့တည့်တည့်တွင် လာရောက် စကား ပြောတတ် သဖြင့်လူမြင်မကောင်းလောက်အောင်လဲရှိလာသည် ဟုဆိုရမည်ဖြစ်သည်။လူမြင်အောင် ခြေပါလက်ပါထိကပါးရိကပါး စကားပြော၍သွေးတိုးစမ်းနေသည့်သဘောလဲ ပါပုံရသည်။ ဤသို့ ဆက်ဆံခြင်း ကို ပြန်လည်တုန့်ပြန်အပြစ်ပြောဆိုမှုမရှိသဖြင့်လူရှေ့တွင် မဏ္ဍာပ်တိုင်တပ်ပြနေပုံလည်းရှိသည်။ ၄င်းကိစ္စအား ဘယ်လိုကိုင်တွယ်ဖြေရှင်းရမည်ကို အမေနှင့်တိုင်ပင်လျှင်ကောင်းမလား စဉ်းစားသည်၊ မကောင်းဘူး..မကောင်းဘူး ကျောင်းကကိစ္စအိမ်ကိုပြန်မသယ်သင့်ဘူး၊ဆရာမနဲ့တိုင်ရင် ကောင်းမလား ၊ဒါလဲ မကောင်းဘူး၊သူက တစ်ကျောင်းလုံးကိုနာမည်ကြီးအောင်လုပ်လိုက်တာ၊ဆရာမကိုတိုင်ရင် အခန်းထဲကလူတွေပဲသိမယ်၊ပြီးတော့ ကျောင်းအုပ်ကြီးကိုယ်တိုင်ကပြဿနာ ရင်းမြစ်ကို အသေချာ မစုံစမ်းပဲ အသားလွတ်ကြီးခေါ်ပြောတာ၊အဲ့ဒိအတွက် လူသိရှင်ကြားရှင်းမှဖြစ်မယ် ဟုနားလည်လိုက်သည်။ မိန်းကလေး လဲ လူပဲဖြစ်သည်။လူလူချင်း နှိပ်စက်ညှင်းပန်းခြင်း အနိုင်ယူခြင်း ဂုဏ်သိက္ခာ ကို စော်ကားခြင်း သည် မတရားမှုပင်ဖြစ်သည် ဟုလည်း ယုံကြည်လက်ခံသည်။ တော်ရုံတန်ရုံမို့ သည်းခံလိုက်မည်ဟု ဆုံးဖြတ်ထားသော်လည်း ၄င်း၏ပုံစံမှာ တခုခုပြန်လည်တုံ့ပြန်မှုမရှိလျှင် မိန်းကလေးတွေဆိုတာ ယောက်ျားလေးများ၏ပြုသမျှကို နုရမည့်အရုပ်တစ်ရုပ် ဟု အများက မှတ်ထင်နိုင်ဖွယ်ရာရှိသည် ဟုတွေးမိ၍ တခုခုလုပ်ရန်ဆုံးဖြတ်လိုက်သည်။
                          ဆရာမတစ်ယောက် သူ့စာသင်ချိန်စေ့၍ပြန်ထွက်သွားသွားချင်း ပုံမှန်အတိုင်း နိုင်လင်း က  မိမိထံသို့ထလာသည်ကို သတိထားမိလိုက်သည်။လက်ကို စာသင်ခုန် အောက်သို့ ချထား လိုက်ပြီးကွန်ဗာဘူးပေါ်တွင် တင်ထားလိုက်သည်။နိုင်လင်းသည် ပုံမှန်အတိုင်း လက်ကို သီတာဦး ၏ စာရေးခုန်ပေါ်တွင်ထောက်၍ မိန့်မိန့်ကြီးကြည့်လျှက်.."မော်နီတာမလေး ဒီနေ့ဘာစားစရာတွေပါသေးလဲ" ဟု စပ်ဖြဲဖြဲလုပ်ရင်းမေးသည်။သီတာဦးသည် ဘာမျှ မပြောဘဲအဆင်သင့် ကိုင်ထားသော ဒေါက်စူးဖြင့် မိမိခုန်ရှေ့တွင် ထောက်ထားသောနိုင်လင်း၏လက်အား အားရှိသမျှ စိုက်ချလိုက်သည်။အောက်ခံစာသင်ခုန်
သည် သစ်သားဖြစ်နေ၍ ဒေါက်စူးသည် နိုင်လင်း၏လက်ကိုဖောက်ထွက်၍၄င်း စာသင်ခုန် တွင် စိုက်ဝင် သွားသည်။နိုင်လင်းလည်းငယ်သံပါအောင်အော်ပြစ်လိုက်သည်။ နိုင်လင်း၏အော်သံကြောင့်ကျောင်းသား များအားလုံးတိတ်ဆိတ်သွားပြီး ဆရာ ဆရာမများရောက်လာကြသည်။သီတာဦးကတော့ ပုံမပျက် ပဲ ခပ်တည်တည်သာ စိုက်ကြည့်နေလိုက်သည်။ခဏနေတော့ ပတ်တီးနှင့်အရက်ပျံ ကိုထုတ်လိုက်သည်။ စိုက်နေသော ဒေါက်စူးကို မည်သူမျှ ဆွဲမနှုတ်ရဲသဖြင့်သီတာဦးကပင် နိုင်လင်း၏လက်ကိုဖိ၍ ဆွဲထုတ်လိုက်သည်။သီတာဦး၏လုပ်ပုံကိုင်ပုံကြောင့်ဆရာဆရာမများပင် မှင်သက်မိသွားကြသော်လည်း ၄င်းကတော့ သွေးအေးအေးဖြင့်ပင်နိုင်လင်း၏လက်ကို အရက်ပျံစွတ်၍ပတ်တီးစီးပေးနေသည်။ထို့နောက် ကျောင်းအုပ်ဆရာကြီးပါရောက်လာ၍ ဖြစ်ကြောင်းကုန်စင်ကို မေးမြန်းသည်။သီတာဦးကဆရာကြီးကိုယ်တိုင် မိမိအား မစူးစမ်းပဲ အသားလွတ်စွပ်စွဲပုံ၊နိုင်လင်း၏ ၄င်းသူငယ်ချင်းများအား လက်ဖက်ရည်တိုက်၍မိမိအား သိက္ခာကျအောင်ပြုလုပ်ပုံ၊ထိုမျှမကသေး မိမိ၏ကျောင်းသူကျောင်းသားများအပေါ်စေတနာထားခြင်းကို အခွင့်ကောင်းယူ၍ ထိကပါးရိကပါး ဆက်ဆံပုံများကိုပါပြောလိုက်သည်။ထို့နောက် ၄င်းနိုင်လင်းအား မိမိအနေနှင့် စိတ်မဆိုးကြောင်း၊အနာပျောက်ကင်းသည်အထိ တာဝန်ယူပြုစု သွားမည်ဖြစ်ကြောင်း၊ မိမိနဲ့ ပတ်သက်ပြီး တစ်ကျောင်းလုံး မဟုတ်တန်းတရားဖြင့်နာမည်ကြီးနေသဖြင့်ထိုသို့မဟုတ်ကြောင်းကို တစ်ကျောင်းလုံးအားရှင်းပြလို၍ ယခုလိုလုပ်လိုက်ရကြောင်း၊သို့သော် နိုင်လင်းအနေဖြင့်မိမိကို ထိုသို့ပြုမူခဲ့သည့်အတွက် ကျောင်းသူ ကျောင်းသား ဆရာ ဆရာမများအားလုံးအား တောင်းပန် ရမည်ဖြစ်ကြောင်းကို လည်းထည့်ပြောလိုက်သည်။
                          ကျောင်းအုပ်ဆရာကြီးလည်း မိမိ၏မဆင်မချင် ဘဲ သူတစ်ဖက်သားကို အသားလွတ် ပြောဆိုမိသည့် အမှားကို သိနားလည်သွားပြီး သူကိုယ်တိုင်သီတာဦးအားတောင်းပန်သည့်အပြင် နိုင်လင်းအားလည်း ၄င်း၏အလိုဆန္ဒအတိုင်းတောင်းပန်စေသည်။နိုင်လင်းသည် လူစုံတက်စုံရှေ့တွင် ကျောင်းအုပ်ကြီး၏ ခိုင်းစေချက်အရတောင်းပန်လိုက်ရသော်လည်း သီတာဦးအား တစ်သက်စာ ကမ္ဘာမကြေနိုင်သည့် ရန်သူအဖြစ် မှတ်ယူလိုက်ပါလေတော့သတည်း။
ဆက်လက်ရေးသားပါဦးမည်။.............ရေးသားသူ။ ။တီအာဝိုင်
No comments:
Post a Comment