Sunday, September 15, 2013

ခက်တယ်

“ခက်တယ်ကွ….သိပ်ခက်တယ်….ငါလုံးဝမပြောချင်ဘူးကွာ…”. လက်ထဲရှိသောက်လက်စ လဘက်ရည် ပန်းကန်လုံးကို ဆောင့်ပြီး ခတ်ပြင်းပြင်းချလိုက် သည်။ “ဘာခက်တာလဲ အကိုရဲ့”………… စကားမစပ် အဆုံးမရှိ တခက်တည်းခက်နေသော ကိုကျော်ကြီး၏စကားကိုအ ဓိပ္ပါယ်မပေါက်ဟန်ဖြင့် စထိုင်သည့် အချိန်နာရီကို လှမ်းမှတ်ရင်းဖြင့်  မင်းနန္ဒမှပြန်မေး လိုက်သည်။ “လုံးဝမပြောချင်ဘူး” ဟု ပြော လိုက်ခြင်းသည် တခုခုကိုပြောချင်၍စကားစ လိုက်ခြင်းဖြစ်သည် ဟု သိနှင့်ပြီးလည်းဖြစ်သည်။ ကိုကျော်ကြီးသည် သူ၏ချစ်သူဟောင်း မစန္ဒာကို ရင်ဖွင့်လိုစိတ်ပေါက်သည့်အခါတိုင်း မင်းနန္ဒ၏ အိမ်သို့လာ၍ “ညီလေးလ္ဘက်ရည် သွားသောက်ရအောင်ကွာ” ဟု ပြောပြီး ခေါ်လေ့ရှိသည်။မင်းနန္ဒမှာ လူပျိုလူလွတ် တယောက်တည်းဆိုသော်လည်း ထ္မင်းစားဖို့တောင် အနိုင်နိုင်ရုံးကန်နေရသည်ဖြစ်၍ လ္ဘက်ရည်တခွက်အလကားသောက်ရလည်း မနည်းဘူးဟူသောသဘောဖြင့် ကိုကျော် ကြီးဘာပြောပြော ၊ပြောချင်ရာပြော၊ပြောသမျှကို နားထောင်မည်၊ထောက်ပေးမည်၊သူ သတ်မှတ်ထားသော အချိန်ပြည့်လျှင် “ကိစ္စရှိလေးနည်းနည်းရှိသေးလို့ အကိုရေ သွားလိုက်ဦးမယ်”….ပြောပြီးထပြန်နေကြဖြစ်သည်။  ကိုကျော်ကြီးမှာလဲ သူ၏မစန္ဒာအ ကြောင်းကို ရင်ဖွင့်လွန်းလှ၍ မင်းနန္ဒမှလွဲ၍ မည်သူမျှ နားမထောင်လိုကြသည်ကို သိ၍ မိမိ၏စကားကို အမြဲနားထောင်ပေးမည့် မင်းနန္ဒအားကိုသာ အမြဲလာခေါ်ရခြင်းဖြစ် သည်။ “ဘာခက်ရမှာလဲကွ……ဟို….စန္ဒာဆိုတဲ့ မိန်းမပေါ့”….အလွန်ဒေါပွ၍ မခံရပ်နိုင်သော အမူအရာနှင့်ပြောပြီး မည်သည်အရာကိုကြည့်မှန်းမသိ စူးစူးဆိုက်ဆိုက်ကြည့်နေလိုက် သည်။ မင်းနန္ဒကတော့ ကိုကျော်ကြီးကြည့်နေသည့် ဘာရယ်မဟုတ် သည့် လေဟာနယ် တ နေရာတွင် မစန္ဒာ ၏ အပြုံးတချို့ရှိနေလိမ့်မည်ဟု သိထားသည်။ ထို့ကြောင့်………….. “မစန္ဒာဘာဖြစ်လို့လဲအကိုရဲ့” ဟု သောက်ထားသော လဘက်ရည်၏အဖိုးအခကို ပေးဆပ် သည့်အနေဖြင့် စကားကို ဆက်ထောက်ပေး လိုက်ပြီး အလွန်တရာမှ စိတ်ဝင်စားလှသည့် အမူအရာကို ပြလိုက်သည်။ “ပြောမဲ့သာ ပြောရတာပါကွာ ….တကယ်တော့လဲ ငါ့အပေါ်သိပ်ကောင်းတဲ့မိန်းမတယောက်ပါ………ငါ့ဘဝတသက်တာမှာ ငါ့အပေါ် သူ့လောက်ကောင်းတဲ့သူမရှိ သေးဘူးကွ…ရှိလဲရှိလာမှာမဟုတ်တော့ဘူးလို့ငါယုံတယ်”….“ဟာဒီလောက်ေ
တာင် ကောင်းတဲ့ဟာ ဘာဖြစ်လို့ခက်နေရတာလဲ ကိုကျော်ကြီးရဲ့” “သိပ်ကောင်းလို့ခက်တာပေါ့ကွ ………ငါကသူကိုရည်းစားစကားစပြောတဲ့အ ချိန်တုန်းကဆိုရင် သူပျော်သွားတဲ့ ပုံလေးကို ဓါတ်ပုံ ရိုက်ထားပြီး မင်းကိုပြချင်တယ်”်… အတိတ်က အရိပ်တခုကို မြင်ယောင်လာပြီး အလွန်ဆွေးမြေ့ လှသောအသံဖြင့် ပြောသည်။ “ဟာ မလုပ်ပါနဲ့အကိုရာ…ကျနော်ပါမြင်ပြီးကြိုက်မိသွားရင် ဘယ်လို လုပ်ပါ့မလဲ အကို ကြီးရဲ့”……ဟုပြောနေကြစကားကို ပြောနေကြအတိုင်းပ င်ပြောပေးလိုက်သည်။ “ဟာ..မင်းကလဲ သောက်ထားတဲ့ လ္ဘက်ရည်မျက်နှာမှမထောက်ကွာ …မင်းမို့လို့ ပြောထွက်တယ် ….အေးလေ..ဒီလိုလူမျိုးတွေကိုလဲ ငါအပြစ်မတင်ရက်ပါဘူး ဟုပြောပြီး အဆီခံထိရောက်အောင် ဖွာထားပြီးပြီဖြစ်သော ဖက်ကြမ်းဆေးလိပ်တိုကိုလက်ထဲမှ အဝေးတနေရာသို့တောက်ထုတ်လိုက်ပြီး အသစ်တလိပ်ကိုထပ်မှာလိုက်သည်။ “နှစ်လိပ်မှာတာမဟုတ်ဘူး အကိုကြီးရာ…ကျနော်လည်းသောက် ချင်သေးတာ ပေါ့”….. “ ဒီနေ့အိပ်ပါးနေတယ်ကွ……တလိပ်ကိုနှစ်ယောက်အတူသောက်ကြမယ်”…….
အမှန်တော့ ယနေ့အိပ်ပါးနေခြင်းမဟုတ်။လ္ဘက်ရည်သောက်တိုင်း ဆေးလိပ်ကိုတလိပ် သာ မှာ၍ နှစ်ယောက်အတူသောက်နေကြ ဖြစ်သည်။မင်းနန္ဒကလည်း သောက်တိုင်းနှစ် လိပ်မှာရန်ပြောသလို ကိုကျော်ကြီးကလည်း ပြောတိုင်းကို အိပ်ပါးနေခြင်းဖြစ်သည်။ “ အမှန်တကယ်တော့ သူကငါ့ကို ရည်းစားစကားပြောစေချင်နေတာကြာပြီကွ….. ဒါပေမဲ့ ငါလို ရုပ်ဆိုးဆိုး အသားမဲမဲ ပိန်ကျစ်ကျစ် လူသားတယောက် နဲ့သူလို အလှနတ်ဒေဝီတပါး တို့ချစ်သူတွေဖြစ်သွားကြလေသတည်း ဆိုတဲ့ဇာတ်လမ်း ဟာ တကယ်ကို ဖြစ်လားပါ့မ လားဆိုတာကို စိုးရိမ်မိသလို ငါပြောလိုက်လို့ အနားမကပ်တော့ဘူးဆိုရင် ..လွတ်သွား တဲ့ငါးကြီးနေရမဲ့အဖြစ်မျိုးကိုလဲ ငါမလိုလားဘူးကွ….ဒါကြောင့်သူ ငါ့ကိုချစ်နေပါလားဆို တဲ့ အသိတဝက်နဲ့ပြောလိုက်မှ ဝေးသွားစိုးတဲ့ စိုးရိမ်တို့ရဲ့ခြောက်လှန့် မှုကြောင့် …အီစီ ကလီလေးပဲ လုပ်နေလိုက်တာ”………..“ဒါဆို……….မစန္ဒာကအကိုကြီးကိုအရင်စပြီးချစ်ကြိုက်နေတဲ့သဘောပေါ့နော်”… “အေး ..အဲ့ဒါလည်း ခက်တာပဲကွ…ငါကိုကလည်း အသဲအသန်ချစ်နေမိတာ လေ …ဒါပေမဲ့ …….ငါတွက်ထားတာက”…ဟုပြောပြီး ဘာမှဆက်မပြောတော့ ပဲ စားပွဲထိုးလာချသော ဖက်ကြမ်းဆေးလိပ် ကိုကောက်ယူ၍မီးညှိလိုက်သည်။ “ငါ နဲ့ဖြစ်သွားပြီးတဲ့ နောက်ပိုင်းမှာဆိုရင် သူ့ရဲ့အပြုံး သူ့ရဲ့အပြုအမူ သူ့ရဲ့အ ပြင်အဆင် အကုန် အကုန် အကုန်လုံးဟာ …ငါ့အတွက်စွဲမက်စရာတွေချည်းပဲကွ… နောက်ပြီး ငါကသူ့ကိုရည်းစား စကားစောစောမပြောခဲ့တာ ဟာသူ့ကိုမချစ်ခဲ့လို့တဲ့.. ဒို့နှစ်ယောက်ထဲမှာ သူကငါ့ကိုအရင်စချစ်ခဲ့တာပါတဲ့……နှုတ်ခမ်းလေးစူပြီးပြောလိုက် တဲ့စကားလေ…မျက်စိထဲကရော နားထဲကပါ အခုထိမထွက်သေးဘူးကွာ”….. “အကိုကြီးကိုယ်တိုင်က သူ့ကိုစွဲမက်နေလို့ သူဘာလုပ်လုပ် လှနေတာဖြစ်မှာပေါ့ ဗျ”…….. “ ခက်တယ် ညီလေးရဲ့ လောကကြီးကပဲ ဆန်းကြယ်နေတာလား ငါကပဲဆန်းကြယ် နေတာလားတော့ မသိဘူးကွ သူ့ရဲ့အပြုအစု အယုအယတွေကို ခံခဲ့ရလို့…သိပ်ပြီး ဂုဏ်ယူခဲ့ဘူးတယ်ကွ”… “ ဂုဏ်ယူခဲ့ဘူးတယ်ဆိုတော့ အခုရော…”. “ခက်တယ်ကွ….အခုတော့လဲ” ဟုပြောပြီး… ဆက်ပြောရန်ဝေါဟာရ အသစ်တခုကို စဉ်းစားနေစဉ်မှာ မင်းနန္ဒက “ဒါတွေ …ဒါတွေ ပြီးခဲ့ပါပြီ ပြီးခဲ့ပါပြီ…လို့တော့ မပြောနဲ့နော် မပြီးသေးလို့ခက်နေတာ မဟုတ်လား” ဟုပြောပြီး ဆိုင်တွင်း၌ချိတ်ထားသော တိုင်ကပ်နာရီကို မသိမသာ လှမ်းကြည့်လိုက်သည်။ နာရီလှမ်းကြည့်လိုက်သည် ကိုရိပ်မိသော ကိုကျော်ကြီး ကသူပြောချင်သောစကား များကို နောက်ဆယ်ငါးမိနစ်သာ ပြောခွင့် ရတော့မည် ကိုသဘောပေါက်လိုက်သည်။ မင်းနန္ဒကလည်း “လ္ဘက်ရည်တခွက် လေးဆယ်ငါးမိနစ်တော့ တန်ပါတယ်...အခုဆိုင်ကို ရောက်နေတာ မိနစ်သုံးဆယ်ရှိပြီဖြစ်၍ နောက်ထပ် ငရဲခံရန်ဆယ့်ငါးမိနစ်သာ လိုတော့ တယ်” ဟုတွေးပြီး...ငြိမ်သက်နေသည်။ “သူက ဟင်းချက်ပြင်းတယ်လို့ မကြာ မကြာေ ပာတယ်...ဒါပေမဲ့ ငါစားချင်တယ် ရင် ..ဘာမဆို သူကချက်ကြွေးတယ် လုပ်ပေးတယ်ကွ...ငါခေါ်ရင်လည်း သူ့အဒေါ်တွေ ဦးလေးတွေ ဘယ်လောက်ဆူဆူ မရောက်ရောက်အောင်လာတယ်.”... “အင်း...အဲ့ဒါလေးတွေကိုပဲ ချစ်နေမိတယ် ဆိုပါတော့.”..........ပြန်ရတော့မှာမို့ ဖင်တကြွကြွဖြစ်နေသော မင်းနန္ဒက စိတ်မပါ့တပါဖြင့် စကားကိုထောက်ပေးလိုက်သည်။ “အဲ့ဒါကိုငါမငြင်းပါဘူး ...တကယ်ဆိုရင် မင်းစဉ်းစားကြည့်စမ်းကွာ...မိန်းမပျက်မ ဟုတ်တဲ့ မိန်းကလေးတယောက်ဟာ တော်ရုံတန်ရုံ အချစ်စိတ်လောက်နဲ့တော့ ဘီယာဆိုင်တို့ အရက်ဆိုင်တို့မှာ လိုက်ထိုင်ပါ့မလားကွာ.”.... “ဟုတ်တာပေါ့ ဗျာ....အကိုကြီးကလည်းသူ့ကိုချစ် သူကလည်း အကိုကြီးကိုချစ်ဆို တော့.” .....ဆက်မပြောဘဲ ရပ်ထားလိုက်သည်။ကိုကျော်ကြီး ပြောမည့်စကားများကို မြန် မြန်ကုန်အောင် ညှစ်ထုတ်နေခြင်းဖြစ်သည်။ “ငါကလည်း ချစ်ဆိုကွာ..ခြံနဲ့အိမ်တောင် ပြောင်ပြီ....ကုန်ကုန်ပြောမယ်ကွာ... အဲ့ဒိခြံနဲ့အိမ်မကုန်မချင်း ကိုသူနဲ့ချိန်းချိန်းတွေ့နေလို့လဲအလုပ်ပါပြုတ်ခဲ့တာပဲလေ.”..“ဘဝကြီးတခုလုံး  ကိုပေးဆပ်ပြီးချစ်ပြစ်လိုက်
တယ် ဆိုပါတော့.”..အသက်မဲ့သော အပြုံးနှင့် ကြည့်၍ မင်းနန္ဒက ပြောလိုက်ခြင်းဖြစ်သည်။ “အေးကွာ ...ဒါပေမဲ့.. တန်ပါတယ်..ခက်တာက...” ခက်တယ်ဟု ပြောလျှင် စကားကြောရှည်တော့မည်ကို သိသော မင်းနန္ဒက “ဒါနဲ့ ထ္မင်းတောင် သူကပဲခွန့်ကြွေးတာဆို” ဟု စကားလမ်းကြောင်းကို လွှဲပြစ်လိုက်သည်။ “ အေးကွ...ဒါကလည်း သူ့ရဲ့ ယုယမှုတွေထဲ ငါ့အတွက်စွဲမက်စရာတခုပေါ့...”.. “ဟာဒါဆိုရင် တခြားစွဲမက်စရာလေးတွေရှိဦးမှာပေါ့ ပြောပြပါလား.”... “အေး..သူက ဒို့နှစ်ယောက်ချိန်းတွေ့ကြတဲ့ အခါတိုင်းမှာ ငါက သူ့ပေါင်လေးပေါ်မှာ ခေါင်းအုံးရင်လဲ အုံးနေမှ သူကလဲ ငါ့ပေါင်ပေါ်မှာ ခေါင်းအုံးရင် အုံးထားရ မှ ကြိုက်တယ်ကွ...အဲ့ဒိလို ပေါင်ကို ခေါင်းအုံးထားကြပြီး သူ့ငယ်ဘဝလေး တွေ ကို ပြောပြရင်အရမ်းသနားဖို့ကောင်းတာပဲ....ဒါပေမဲ့သူပြောတဲ့အကြောင်းအရာ တိုင်း ဟာ ငါ့အတွက် ရိုးသွားတယ်လို့မရှိဘူးကွ....အဲ့ဒိသနားစရာ မျက်နှာလေးကိုပြော ရင်းနဲ့တောင် ပြန်မြင်လာပြီကွာ” ဟုပြောရင်း...အသံများတုန်ခါလာ၍ မင်းနန္ဒက စိတ်ခံစားမှုအရှိန်ပါဝါ မြင့်တက်လာပြီ ဟုသိလိုက်သည်။ ထို့ကြောင့် “အော် ဟုတ်လား” ဟု ဝိုင်းဝန်းခံစားနားလည်ပေး သည့်မျက်နှာထားနှင့် မေးလိုက်သည်။ “ဟုတ်တယ်ကွ ...သူကငါ့အပေါ် ကောင်းလွန်းပါတယ်...တခါတခါများ ငါအိပ်ပျော်သွား ရင် အနားမှာထိုင် ယပ်ခပ်ပေးပြီး ငါ့ဆံပင်လေးတွေကို သပ်ပေးနေတာကွ...ငါ့ခြေ သည်း လက်သည်းတွေကို ဆိုရင်လည်း သူကိုယ်တိုင်ညှပ်ပေးရမှ ကျေနပ်တာ....ပြီးတော့ ခေါင်းလျှော်ရင်လည်း သူကိုယ်တိုင်ပဲလျှော်ပေး တယ်လေ..”.  လေးဆယ်ငါးမိနစ်လဲ ပြည့်နေပြီမို့ စကားဖြတ်ရန် အချိန်တန်ပြီဖြစ်၍ မင်းနန္ဒက “ဒီလောက်ကောင်းတဲ့မိန်းမကို အကိုကြီးက ဘာဖြစ်လို့..”..မင်းနန္ဒ၏စကားမဆုံးလိုက်ခင် မှာပဲ ... “ အဲ့ဒါကို ငါ က ခက်တယ်လို့ပြောတာပေါ့ကွ..” ခုန်ကိုလက်သီးနှင့်ခပ်ပြင်းပြင်းထု ရင်း အံကြိတ်ပြီးပြော လိုက်သည်။ မင်းနန္ဒကလည်း အဆုံးသပ်ချင်လှပြီမို့ ..”.တခက်တည်းပဲ ခက်နေတာပဲ ဗျာ...ဘာကိုခက်မှန်းလဲ မသိဘူး” ဟုဒေါပွသည့်လေသံဖြင့်ပြောလိုက်သော်လည်း စိတ်ထဲမှာတော့ သူပြောလာမည့် စကားကိုကြိုသိနေ၍ ကြိတ်ပြီးပြုံးနေမိသည်။ ထိုအခါမှ ကိုကျော်ကြီးမှာ ..မျက်နှာသေလေးနှင့် တစက္ကန့် အတွင်း စကြာဝဠာတခုလုံးကို ကိုးပတ်ပြည့်အောင် ပတ်နိုင်လောက်သော စိတ်အစဉ်ဖြင့် ပြောလိုက်သည်။ “ အေး..သူကောင်းတာ ငါတယောက်တည်း မဟုတ်ဘူး လူတိုင်းကို     ကောင်းနေလို့ ခက်နေတာပေါ့ကွ.................”
 ရွှင်လန်းချမ်းမြေ့ကြပါစေ...............
တီအာဝိုင်

No comments:

Post a Comment